အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့ အဌမအကြိမ် ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံမည်

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့ အဌမအကြိမ် ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံမည်

 

နိုဝင်ဘာလ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။             ။ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွေ့ဆုံမှုတွင် တပ်ပိုင်းဆိုင်ရာကိစ္စများ အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။

PC နှင့် UNFC မှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဗဟိုဌာနရုံးတွင် တွေ့ဆုံကာ DPN ဘက် အဆိုပြုထားသော အချက် ၈ချက်မှ တပ်ပိုင်း ဆိုင်ရာ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မူဘောင်ဆိုင်ရာများကို အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်( DPN မှ ပြောရေးဆိုခွင့်ရှိသူ) ဦးထွန်းဇော်က ပြောသည်။

“ကျနော်တို့ အဌမအကြိမ် တွေ့ဆုံမှုဖြစ်တယ်။ တပ်ပိုင်းဆိုင်ရာကိစ္စကတော့ အကြိမ်တိုင်း ပါနေတာပါဘဲ။ ဒါပေမဲ့ ဒီတကြိမ်မှာကြတော့ ကြိုတင်ညှိနှိုင်းဖို့ လိုတဲ့အချက်တွေ၊ အစီအစဉ်ကို ကြိုညှိကြမယ်ဆိုတဲ့အချက်ဖြစ်ပါတယ် အဓိက”ဟု ဦးထွန်းဇော်က ပြောသည်။

၄င်းတို့၏ အဆိုပြုချက် ၈ ချက်ထဲမှ ဆွေးနွေးရန် ကျန်နေသော အချက် ၅ မှ ၈ အထိ ဆွေးနွေးသွားမည် ဖြစ်ပြီး သတ္တမအကြိမ်မြောက် တွေ့ဆုံုမှုတွင် သဘောတူညီခဲ့ပြီးဖြစ်သော နံပါတ် ၁ မှ ၄ ချက်ထဲမှ အစိုးရဘက်မှ ပြင်ဆင်မှုများ ရှိသဖြင့် ထိုအချက်များအပေါ် DPN ဘက်မှ ပြန်လည် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျန်နေတဲ့ ၅ မှာ နောက်ဆက်တွဲအနေနဲ့ ဆွေးနွေးဖို့ အချက်တွေ ရှိတယ်။ ကြိုတင်ညှိနှို်င်းဖို့ လိုတဲ့အချက်တွေပေါ့နော်။ အဲဒီမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခေါင်းစဉ် ၁၁ ခုရှိမယ်။   နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်ပြီးတော့မှ ဘယ်လို ဆက်လုပ်ကြမလဲဆိုတဲ့ညှိနှိုင်းမှု ရှိမယ်။ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ရှင်းရှင်းလုပ်ဖို့အပိုင်း ရှိမယ်။ ပြီးတော့ ကြားကာလအစီအစဉ်မှာ လူသားချင်းစာနာမှု အကူအညီနဲ့ ပတ်သက်ပြီးတော့မှ အစိုးရရဲ့ သဘောထားက ငြိမ်းချမ်းရေးကော်မရှင်ရဲ့ သဘောထားအစိုးရ ခွင့်ပြုချက်နဲ့ လုပ်ရမယ်ဆိုတဲ့ အချက် တချက် ပြန်ပြီးတော့ ရပ်တည်လာတာကို အနည်းငယ်ညှိနှိုင်းဖို့ ကျန်ပါတယ်”ဟု သူက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန်အတွက် အစိုးရ၏ မူဝါဒ ရပ်တည်ချက်နှင့် သဘောထား ပြောင်းလဲမှုအပေါ် မူတည်ကြောင်းနှင့် နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုအပေါ် မူတည်ကြောင်း သူက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့ကPC နှင့် UNFC ကိုယ်စာလှယ်များအကြား ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေစဉ် အဌမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တပ်နေရာပြန်လည် ချထားရေးနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို အပြီးသတ် ဆွေးနွေးရန် သဘောတူညီခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly