ကျွမ်းကျင်လုပ်သား ၅၀၀၀ မွေးထုတ်ရန် NSSA က စီမံချက်ဖြင့် ဆောင်ရွက်နေ

ကျွမ်းကျင်လုပ်သား ၅၀၀၀ မွေးထုတ်ရန် NSSA က စီမံချက်ဖြင့် ဆောင်ရွက်နေ

 

ယခုဘဏ္ဍာနှစ်အတွင်းမှာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သား ၅၀၀၀ နီးပါး မွေးထုတ်ပေးဖို့ စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) က သိရပါတယ်။

လက်ရှိ ပြည်တွင်းလုပ်သားတွေအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိပေမယ့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့ အံဝင်ခွင်ကြမှုမရှိခြင်း၊ အသိအမှတ်ပြုလက်မှတ် မရှိခြင်းများကြောင့် ပြည်ပလာရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်အချို့မှာ ပြည်ပကလုပ်သားတွေကို ပြည်တွင်းက လုပ်သားတွေထက် ပိုမို သဘောကျတယ်လို့ NSSA အဖွဲ့ဝင်  ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးအေးလင်းက ဆိုပါတယ်။

ဦးအေးလင်း က" သူတို့ လုပ်နေတဲ့ နည်းပညာနဲ့ ကိုင်နေတဲ့ Tool က အစပေါ့ မတူဘူးပေါ့။ မတူတဲ့အခါမှာ နိုင်ငံတကာက လာပြီး တော့ လုပ်တဲ့သူတွေကတော့ သူတို့ Train ထားပြီးသား  လက်သပ်တွေကို ခိုင်းတာနဲ့ ကျွန်တော်တို့ ဆီက ပစ္စည်းကိရိယာနဲ့ မရင်းနှီးတဲ့ကလေးတွေကိုခိုင်းတာက အချိန်ကြာတာတစ်ခုရယ်။ နောက်တစ်ခုက ဘာသာ စကား ခက်ခဲမှုကြောင့်မို့လို့ အဲဒါတွေကို သူတို့က ပြန်ပြီး Train မလုပ်ပေးချင်တော့ ပဲနဲ့ ခေါ်လာတာလဲ ဖြစ်နိုင်သလို သူတို့ အသားကျနေတဲ့ သူတို့နဲ့ လက်တွဲနေကြ သူတို့နိုင်ငံကလေးတွေကို လာလုပ်ခြင်းအားဖြင့် သူတို့ရဲ့ဝင်ငွေက  သူတို့အတွက် ပိုရတာပေါ့" လို့ မဇ္စျိမကို ပြောပါတယ်။

ဒါကြောင့် NSSA အနေနဲ့  ပြည်တွင်းလုပ်သားတွေကို ပြည်တွင်းမှာသာမက ဒေသတွင်း နိုင်ငံတွေမှာပါ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျွမ်းကျင်မှုကို စစ်ဆေးပြီး အသိအမှတ်ပြု လက်မှတ်ပြုလက်မှတ်ထုတ်ပေးတာတွေကို ဆောင်ရွက်နေပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သား ကိုဇော်မင်းဦးက "သင်တန်းတက်တာကကြတော့ ပိုပြီးတော့ ပစ္စည်းမှန်ကန်အောင် သုံးမယ်ဆိုတဲ့ နေရာတွေရယ်။ သင်တန်းမတက်ခင်တုန်းကတော့ သိပ့်မသိရဘူးလေ။ ဗဟုသုတလည်း သိမ့်မရှိကြဘူး။ သင်တန်းတက်ပြီးသွားမှ ပစ္စည်းမှန်အကုန်လုံးသိရတာ။ ဘယ်နေရာမှာ ဘာသုံးဆိုတာ အကုန်လုံးသိရတာ" လို့ ပြောပါတယ်။

ဒါကြောင့် လုပ်သားတွေအနေနဲ့  မိရိုးဖလာကျွမ်းကျင်မှုမျိုးကနေ နည်းစနစ်တကျလုပ်ကိုင်လာနိုင်တဲ့အတွက်  ဒေသတွင်းနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နိုင်သည်အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

ဦးအေးလင်း "ဒီလက်မှတ်အောင်ပြီးသွားတဲ့ ကလေးတွေက အာဆီယံအသိုင်းအဝိုင်းမှာတော့ ၀င်ရောက် ယှဉ်ပြိုင်ပြီး လုပ်ကိုင်ဖို့ အာမခံမှုရှိပါတယ်။ နောက်ပြီး ဒီသင်တန်းဆင်းလက်မှတ်တွေ ရထားခြင်းအားဖြင့် မြန်မာ နိုင်ငံက AEC ၀င်ထားပြီးသားဖြစ်တဲ့အတွက် သူများနိုင်ငံကကလေးတွေလည်း ကျွန်တေ်ာတို့ဆီမှာ လာလုပ်လို့ ရသလို ကျွန်တော်တို့နိုင်ငံက ကလေးတွေကလည်း သူများနိုင်ငံမှာ သွားလုပ်လို့ရတဲ့ အဆင့်မျိုးတွေ ဖြစ်တော့ မှာပါ" က ပြောပါတယ်။

လက်ရှိ NSSA အနေနဲ့ ဆောက်လုပ်ရေး၊ အထည်ချုပ်နှင့် စက်ယန္တရားပြင်ဆင်ကဏ္ဍများတွင် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

NSSA က ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးလုပ်ငန်းတွေကို ၂၀၁၃ စတင်အကောင်ဖော်ခဲ့ရာ ၂၀၁၆ အထိ ကျွမ်းကျင်လုပ်သား ၂၀၀၀ နီးပါးကို စနစ်တကျသေချာမွေးထုတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly