ပြည်ခိုင်ဖြိုးပါတီ ဖြစ်ရပ်သည် ပါတီခေါင်းဆောင်မှု ပြောင်းလဲခြင်းသာဖြစ်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

ပြည်ခိုင်ဖြိုးပါတီ ဖြစ်ရပ်သည် ပါတီခေါင်းဆောင်မှု ပြောင်းလဲခြင်းသာဖြစ်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

ရန်ကုန် ၊ သြဂုတ် ၁၈ ။        ။ လက်တလောတွင် ဖြစ်ပွားနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖြစ်ရပ်များနှင့် ပတ်သက်၍ ပြည်သူများ အနေဖြင့် စိုးရိမ် ပူပန်မှုများ ရှိနေသည်ဟု သိရပြီး ယင်းကိစ္စသည် ပါတီတစ်ခု၏ ဆန္ဒအရ ခေါင်းဆောင်မှု ပြောင်းလဲခြင်းနှင့် ပြန်လည် ဖွဲ့စည်းသည့် ကိစ္စရပ်သာ ဖြစ်သည်ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွ့ဲက သြဂုတ် ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်က  နိုင်ငံ၏ အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ပူးတွဲဥက္ကဌ သူရဦးရွှေမန်းကို ရာထူးမှ ဖယ်ရှားခဲ့ကာ  ဒုဥက္ကဌ ဦးဌေးဦးကို ပူးတွဲဥက္ကဌ ရာထူး ပေးခဲ့သည်။ ပါတီတွင်း  ထိပ်ပိုင်း ခေါင်းဆောင်များ၏ အပြောင်းအလဲကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုများ မြင့်တက်နေခြင်းနှင့် ဆက်စပ်ပြီး အစိုးရက သတင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တရားဝင် ပါတီ တစ်ခု၏ ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဟုသာ ဆိုသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အာဏာရပါတီဖြစ်ခြင်း၊ အင်အားကြီး ထိပ်ပိုင်းခေါင်းဆောင်များ၏ အပြောင်းအလဲ ဖြစ်ခြင်းတို့ကြောင့် ပြည်သူ၏ စိုးရိမ်မှု မြင့်တက်နေခြင်းဖြစ်သည့် အပြင် လုံခြုံရေးအတွက် ရဲအင်အားများကို အသုံးပြုခြင်းကလည်း စိုးရိမ်မှု မြင့်တက်စေခြင်း၏ အကြောင်းရင်း တစ်ရပ် ဖြစ်ခဲ့သည်။

ပါတီတွင်း ဖြစ်ရပ်အတွက် နိုင်ငံ၏ အင်အားများကို အသုံးပြုခြင်းကိုလည်း စိုးရိမ်ပူပန်မိသည်ဟု အမေရိကန်၊ ယူကေစသည့် နိုင်ငံတကာ အသိုင်းအဝန်းကလည်း သတင်းများ ထုတ်ပြန်ခဲ့သည့် အပြင်နိုင်ငံရေးလေ့လာ သုံးသပ်သူများကလည်း ယင်းအချက်ကို ထောက်ပြ ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ အာဏာရပါတီတွင်း ဖြစ်ပေါ်နေသော ပြဿနာများကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း သတိထားရန် လိုသည်ဟုလည်း တိုင်းရင်းသားခေါင်းဆောင်များက ဆိုထားသေးသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် အစိုးရနှင့် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အနှံ့ဖြစ်ပေါ်သော ရေဘေးကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကြိုးပမ်းနေပြီး  ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု ရရှိအောင်လည်း ကြိုးစားနေသည်ဟု ပါဝင်သည်။

ယင်းအပြင် အစးိုးရအဖွဲ့ နေဖြင့်  တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လှုမှုအဖွဲ့များ ၊ ပြည်သူများနှင့် တက်ကြွစွာ ပုူးပေါင်းဆောင်ရွက်သွား မည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်ပြီး ရွေးကောက်ပွဲ ရလဒ်ကိုလည်း လက်ခံ အတည်ပြု၍ တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက် အကောင်အထည်ဖော် သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly