စပိန်တွင် အခွန်ရှောင်ခဲ့ခြင်း မရှိဟု မော်ရင်ဟို ငြင်းဆို

စပိန်တွင် အခွန်ရှောင်ခဲ့ခြင်း မရှိဟု မော်ရင်ဟို ငြင်းဆို

 

နိုဝင်ဘာ ၄၊ မန်ချက်စတာ။               ။ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်စဉ်က အခွန်ရှောင်တိမ်းခဲ့ခြင်း မရှိဟု မန်ချက်စတာယူနိုက်တက် နည်းပြမော်ရင်ဟိုက ပြောသည်။

မော်ရင်ဟိုသည် ပုံရိပ်အသုံးပြုခွင့်မှ ရရှိသည့်ဝင်ငွေများအတွက် ပေးဆောင်ရမည့်အခွန် ယူရို ၃ ဒသမ ၃ သန်းကို ပေးဆောင်ခြင်းမရှိဟု စပိန်အခွန်ဌာနက စွဲချက်တင်ထားခြင်းဖြစ်သည်။

ပေးဆောင်ရမည့် အခွန်အားလုံးကို ရှောင်တိမ်းခဲ့ခြင်း မရှိဘဲ ပေးဆောင်ခဲ့ကြောင်းနှင့် ယခုကိစ္စမှာလည်း ပြီးပြတ်သွားပြီဟု မော်ရင်ဟိုက ဆိုသော်လည်း တရားရုံးတာဝန်ရှိသူကမူ ပေါ်တိုဂီလူမျိုးနည်းပြအနေဖြင့် ဆက်လက်စုံစမ်း စစ်ဆေးခံရဦးမည်ဟု ဆိုသည်။ ယင်းကိစ္စကို အမှုဖွင့်စစ်ဆေးရန် သင့်၊မသင့်ကို တရားသူကြီးက ဆုံးဖြတ်မည်ဖြစ်သည်။

“အခွန်ကိစ္စအားလုံး ကင်းရှင်းစွာနဲ့ပဲ ၂၀၁၃ မှာ စပိန်ကနေ ထွက်လာခဲ့တာပါ။ နှစ်နှစ်လောက်လဲ ကြာရော ကျွန်တော့်အခွန်ကိစ္စ အတွက် စုံစမ်းခံနေရတယ်လို့ အကြောင်းကြားခံရပါတယ်။ အခွန်ဆောင်ဖို့ ဘယ်လောက်ကျန်သေးတယ်ဆိုပြီး အကြောင်းကြား ခံရတာပါ။

ကျွန်တော် အကြောင်းမပြန်ခဲ့သလို ဆင်ခြေပေး ငြင်းခုန်တာလည်း မလုပ်ခဲ့ပါဘူး။ ကျွန်တော်ပေးစရာရှိတာတွေကို ပေးခဲ့တာဖြစ်လို့ အမှုလည်းပိတ်သွားပါပြီ”ဟု ခေတ္တသာ ကြာမြင့်သော ကြားနာမှုအပြီးတွင် မော်ရင်ဟိုက ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required