ကျွန်တော့်ရဲ့ နှလုံးသားက ရီးယဲလ်မှာသာ ရှိပါတယ်ဟု ရာမို့စ် ဆို

ကျွန်တော့်ရဲ့ နှလုံးသားက ရီးယဲလ်မှာသာ ရှိပါတယ်ဟု ရာမို့စ် ဆို

မက်ဒရစ်၊ သြဂုတ် ၁၈ ။       ။ မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည် စပိန်လက်ရွေးစင်နောက်ခံကစားသမား ရာမို့စ်က ၎င်း၏နှလုံးသားမှာ ရီးယဲလ်အသင်းတွင်သာ ရှိကြောင်းပြောဆိုလိုက် သည်။

ရာမို့စ်ကို မန်ယူအသင်းက ပြောင်းရွှေ့ကြေးပေါင် ၂၈ ဒသမ ၆ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရာမို့စ်က ငြင်းပယ်ခဲ့ပြီး ရီးယဲလ်နှင့် စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့က ရာမို့စ်သည် ရီးယဲလ်နှင့် ငါးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သောကြောင့် ၂၀၂၀ ခုနှစ်အထိ ရီးယဲလ်အသင်းတွင် ဆက်ရှိနေတော့မည် ဖြစ်သည်။

ရာမို့စ်က ၎င်းအနေဖြင့် ရီးယဲလ်အသင်းအားစွန့်ခွာလိုကြောင်း မည်သည့်အခါကမှ ပြောဆိုခဲ့ခြင်း မရှိကြောင်းလည်း ပြောကြားခဲ့သည်။

'စာချုပ်သစ်အတွက် အချိန်တစ်ခု ယူရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နှလုံးသားနဲ့ဦးနှောက်က ရီးယဲလ်အသင်းဆီမှာပဲ ရှိတာကြောင့် မပျော်နိုင်ခဲ့ပါဘူး။

စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ကျွန်တော်မပြောခဲ့ပါဘူး။ ကျွန်တော်ကတော့ ရီးယဲလ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်ခဲ့တာပါ။ ဥက္ကဋ္ဌက ခွင့်ပြတယ်ဆိုရင်ပေါ့။ အခုကျွန်တော့်ကို အသင်းခေါင်းဆောင်အဖြစ် ဒီအခွင့်အရေးကို ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဆုဖလားတွေ ရယူပြီး ပရိသတ်တွေကို ပျော်ရွှင်အောင်ပြုလုပ်ပေးဖို့က ရီးယဲလ်အသင်းရဲ့ မူလ လမ်းစဉ်ပဲ ဖြစ်ပါတယ်' ဟု ရာမို့စ်က ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly