အောင်လအန်ဆန် အနိုင်ရခြင်းမှာ လုပ်ပွဲမဟုတ်ဟု ပွဲစီစဉ်သူ ဦးဇေသီဟ တုံ့ပြန်

အောင်လအန်ဆန် အနိုင်ရခြင်းမှာ လုပ်ပွဲမဟုတ်ဟု ပွဲစီစဉ်သူ ဦးဇေသီဟ တုံ့ပြန်
ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

မြန်မာ့စပါးကြီးမြွေ၊ အောင်လအန်ဆန်းသည် ပွဲစပြီး  ၃ မိနစ်ခန့်အတွင်း ပြိုင်ဘက်ဖြစ်သည့် Alain Ngalani (ကျားသစ်နက်)ကို အနိုင်ရသွားခဲ့ခြင်းသည် လုပ်ပွဲမဟုတ်ကြောင်း ပွဲစီစဉ်သူ မြန်မာလက်ခမောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇေသီဟက တုံ့ပြန်ပြောဆိုလိုက်သည်။

"အောင်လကို ဂါလာနီနဲ့ စတည်တုန်းက ပွဲစီစဉ်သူကို ၀ိုင်းဆဲကြတာမှတ်မိမှာပါ။ ဒီလောက် ၀ိတ်ကွာတာ ကိုယ့်မြန်မာကို ကိုယ်ပြန်သတ်တယ်ဆိုပြီးတော့လေ။ ပွဲမစခင်အချိန်ထိ ဂါလာနီ အနိုင်ပဲ ပေးတဲ့လူတွေများပါတယ်။ အခု အောင်လ နိုင်ပြန်တော့လည်း လုပ်ပွဲလားတဲ့။ လုပ်ပွဲသာဖြစ်ခဲ့မယ်ဆိုရင် ၅ ချီထိ ဆွဲခေါ်ထိုးသွားမှာပါ။ ဘာဖြစ်လို့လဲသိလား။ Skynet မှာ လက်ခံထားတဲ့ ကြော်ငြာတွေကို ဘယ်လို ပြန်ရှင်းပေးရမလဲဆိုတာ တွေးကြည့်ပေါ့။ ဒီတစ်ခေါက် Skynet ကြော်ငြာက တစ် Round စာပဲ ရလို့ မကိုက်ဘူးဆိုတာ အားလုံးသိစေချင်ပါတယ်။ ဒီ့ထက်ရှင်းတဲ့အဖြေ ရှိပါဦးမလား"ဟု ဦးဇေသီဟက ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ညပိုင်းက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပြောသည်။

ယနေ့ ကျင်းပသည့် One Championship (MMA) ပြိုင်ပွဲတွင် ၂ ချီအတွင်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် မြန်မာ့စပါးကြီးမြွေ၊ အောင်လအန်ဆန်သည် ပွဲစပြီး ၃ မိနစ်ခန် အတွင်း ၁ ချီမပြီးမီ ပြိုင်ဘက်ဖြစ်သည့် Alain Ngalani (ကျားသစ်နက်)ကို အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ် ပရိသတ်များက အားမလိုအားမရဖြစ်ခဲ့ကြပြီး ပြောဆိုဝေဖန်ခဲ့ကြခြင်းဖြစ်ကာ ပုံမှန်အားဖြင့် ငါးချီအထိ ထိုးသတ်ရန် သတ်မှတ်ထားသည်။

ပွဲစသည်နှင့် Alain Ngalani သည် အောင်လအန်ဆန်ကို လျင်မြန် အားပါသည့် လက်သီးချက်များဖြင့် ဖိအားပေးရန် ကြိုးပမ်းခဲ့ပြီး ၂ ဦးသား လုံးထွေးသွားချိန်တွင် အောင်လအန်ဆန်၏ မျက်နှာကို လက်သီးဖြင့် တရစပ်ထိုးရန် ကြိုးပမ်းခဲ့သည်။

Alain Ngalani က အောင်လအန်ဆန်ကို ပြန်လည်ကိုင်ပေါက်ကာ တွန်းလှဲလိုက်ချိန်တွင် ၄င်း၏ လည်ပင်းကို အောင်လအန်ဆန်းက ပိုင်ပိုင်နိုင်နိုင် ချုပ်လိုက်နိုင်ပြီး ယင်းချုပ်ကွက်ဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

စက္ကန့်ပိုင်း အတွင်းမှာပင် Alain Ngalani မှာ ကြမ်းပြင်ကို လက်ဖြင့်ပုတ်၍ အရှုံးပေးကြောင်း အချက်ပြသွားခဲ့ရသည်။

ပွဲသိမ်းမြန်သွားသည့်အပေါ် အောင်လအန်ဆန်က" ဒီနေ့ပွဲအပေါ် သိပ်အားမရပါဘူး။ ပရိသတ်ကိုလည်း တာင်းပန်ပါတယ်။ နောက်ပွဲကျရင် ကောင်းကောင်းထိုးပေးပါ့မယ်"ဟု အောင်လအန်ဆန်းက ပြောသည်။

Alain Ngalani သည် များမကြာမီက ONE Championship ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုစိန်ခေါ်ပွဲတွင် ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား Sekine Hideki နှင့်ယှဉ်ပြိုင်ခဲ့ရာ၌ ပွဲအစ ၁၁ စက္ကန့်အတွင်း၌ ပြိုင်ဘက်ကို အလဲထိုးလိုက်နိုင်ပြီး ယင်းပွဲချိန်ပမာဏမှာ ONE Championship ပြိုင်ပွဲသမိုင်းကြောင်း တစ်လျှောက် အမြန်ဆုံး ပွဲအဆုံးသတ်နိုင်မှုအဖြစ် စံချိန်ဝင်သွားခဲ့ဖူးသူဖြစ်ပြီး ယခုအခါ အောင်လ အန်ဆန်းအား ရှုံးနိမ့် သွားခဲ့သည်။

မြန်မာ့စပါးကြီးမြွေဟု အမည်ပေးအပ်ခြင်းခံထားရသည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်လအန်ဆန်းသည် ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား ဗိုင်တာလီ ဘစ်ဂ်ဒတ်ရှ်နှင့် စိတ်မကျေပွဲ ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရာတွင် အမှတ်ဖြင့် အနိုင်ရယူကာ ONE Championship မစ်ဒယ်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

ယခုအခါ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းသည် မြန်မာ့မြေတွင် ၄ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly