လမ်းဘေးသောက်စားမှုများ ယနေ့ တန်ဆောင်မုန်းညတွင် တင်းကြပ်စွာဖမ်းဆီးမည်

လမ်းဘေးသောက်စားမှုများ ယနေ့ တန်ဆောင်မုန်းညတွင် တင်းကြပ်စွာဖမ်းဆီးမည်
ဓါတ်ပုံ - Yangon Police

 

ရန်ကုန် နိုဝင်ဘာ ၃ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် လူစည်ကားရာပန်းခြံများ၊ လမ်းဆုံ လမ်းခွများ၊ တံတားများနှင့် လူသွားစင်္ကြန်များပေါ် တွင် ဝိုင်းဖွဲ့၍ အရက်သေစာသောက်စား မူးယစ်နေ သူများကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လုံခြံုရေးရဲ တပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ များပူးပေါင်း၍ အောက်တိုဘာ ၁ ရက်နေ့မှ စတင် ကာ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်နေပြီး၊ ယနေ့ တန်ဆောင်မုန်းညတွင် ပို၍တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းကို ဘာသာရေးဆိုင်ရာ အခါကြီး၊ ရက်ကြီးများတွင်သာ မဟုတ်ဘဲ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ်၊   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးက ယနေ့ နိုဝင်ဘာ ၃ ရက်နေ့က မဇ္ဈိမသို့ပြောသည်။

" လမ်းဘေးမှာ အခုတလော လူစုလူဝေးနဲ့ မူးရစ် သောက်စားနေတာတွေ၊ မူးယစ်ဆေးသုံးနေတာ မျိုး တွေကို ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးနေတာ၊ ခေါ်ယူ စစ်ဆေးတာတွေဘာတွေ လုပ်နေတယ်၊ ဒါတွေက လုံးဝမဖြစ်သင့်ဘူးလေ၊ အခုလို အခါကြီး၊ ရက်ကြီး တွေမှာ ဒါမျိုးတွေမဖြစ်အောင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်" ဟု ပြည်သူ့လွှတ်တော်၊ ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောသည်။

ဝိုင်းဖွဲ့၍ အရက်သေစာသောက်စားမူးယစ်ခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ အသိ ပညာပေးခြင်းလုပ်ငန်း၊ ပညာပေးကာလ ၁ လ သတ်မှတ်၍ လိုက်လံဟောပြောပညာပေးခဲ့ပြီးနောက် အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စများအတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကို တင်ပြခဲ့ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနှင့် အလေး ထား ဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော်၊ ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောသည်။

" ဒီလိုမျိုးလမ်းမပေါ်မှာ အရက်သေစာသောက်စား တယ်ဆိုတာ သူများနိုင်ငံတွေမှာ မရှိပါဘူး၊ ဗိုလ် မြတ်ထွန်းအိမ်ယာရဲ့ လှေကားမှာလည်း အမြဲတမ်း ပဲ သောက်စားနေကြတာ၊ ည ၈ နာရီလောက်ဆို ရုံးဆင်းချိန်ပြန်တဲ့ အမျိုးသမီးလေးတွေ၊ မိကောင်း ဖခင်သားသမီးလေးတွေကို ဒီလိုမျိုးလမ်းဘေးမှာ သောက်စားပြီးတော့ မဖွယ်မရာစကားတွေ ပြော တာ၊ ညစ်ညမ်းတဲ့စကားတွေပြောတာ၊ အဲဒီလို မျိုး ဆိုတော့ မဖြစ်သင့်တဲ့ကိစ္စပါ၊ ဆိုင်တွေလည်း ရှိတာ ပဲ၊ ကျွန်မတို့ကတော့ ဒါကို လုံးဝလက်မခံနိုင်ဘူး" ဟု ဒေါ်မေစိုးက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လမ်းဘေးတွင် အရက်သေစာသောက်စားသူများအား ဖမ်းဆီးခဲ့ရာ တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း အများပြည်သူ နှင့်သက်ဆိုင်သည့်နေရာများ၌ အရက်သေစာ

သောက်စားသူ စုစုပေါင်းလူငယ် ၂၈၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများ တွင် အမှုစုစုပေါင်း ၁၂၁ မှုကို ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။

ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၄၁ သည် ထောင်ဒဏ် ရ ရက်နှင့် ငွေဒဏ် ၅၀ ကျပ်ပေးဆောင်ရန် ချမှတ် ထားရှိပြီး၊ ဒေသန္တရခွင့်ပြုမိန့်ဖြစ်သည့် ရာဇသတ် ကြီးပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညာသည့် အမိန့်ကို ဖီဆန်ခြင်း)အရ ထောင်ဒဏ် ၁ လမှ ထောင်ဒဏ် ၆ လအထိဖြစ်စေ ဒဏ်ငွေဖြစ်စေချမှတ်နိုင်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ အမှုကြီး ၁၀ မျိုးထဲမှ လူသတ်မှု ၁၀၉ မှု၊ လုယက် မှု ၃၂ မှု နဲ့ မုဒိမ်းမှု ၂၀၀ မှုထိဖြစ်ပွားခဲ့ကြောင်း ရဲတပ် ဖွဲ့၏စာရင်းထုတ်ပြန်ချက်များအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required