ရခိုင်အရေး မြန်မာကို စိတ်ရှည်ပေးရန် ကုလကို တရုတ်တောင်းဆို

ရခိုင်အရေး မြန်မာကို စိတ်ရှည်ပေးရန် ကုလကို တရုတ်တောင်းဆို

 

နိုဝင်ဘာ ၃ ။             ။ ရခိုင်အရေးနှင့်ပတ်သက်ပြီးနိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် မြန်မာနိုင်ငံအပေါ် စိတ်ရှည်ပေးရန်  တရုတ်နိုင်ငံက ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။ တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ ကြိုးပမ်းမှုနှင့်အတူ ရခိုင်ပြည်နယ်သည် တည်ငြိမ်မှုဆီသို့ တဖြေးဖြေး တိုးတက်ပြောင်းလဲနေသည်ဟုလည်း အထူးကိုယ်စားလှယ် မစ္စတာဝူက  ကုလသမဂ္ဂလုံခြံုရေးကောင်စီကို ယမန်နေ့က တင်ပြခဲ့သည်။

ရခိုင်အရေးသည် သမိုင်းကြောင်းနှင့်ချီသည့် အရှုပ်အထွေးတစ်တစ်ခုဖြစ်ကြောင်း ၊လူမျိုးရေးနှင့် ဘာသာရေး အကြောင်းတရားများအပြင် မတူကွဲပြားမှုပြဿနာများ အချိန်ကြာမြင့်စွာ ရှုပ်ထွေးပွေလီနေခဲ့ကြောင်း မစ္စတာဝူက ပြောသွားခဲ့သည်။

ထို့ကြောင့် ကုလသမဂ္ဂ အနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် စိတ်ရှည်ပေးပြီး အပြုသဘောဆောင်သည့် အကူအညီများနှင့်အတူ ပူးပေါင်းဆောက်ရွက်သင့်ကြောင်း မစ္စတာဝူက အကြံပေးထားသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရတ်ဇ်တေလာဆန်က “ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ရခိုင်ဒေသမှာ ရက်စက်မှုတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ကမ္ဘာကြီးအနေနဲ့ မျက်ကွယ်ပြုထားလို့ မရနိုင်တာပဲ”ဟု ယမန်နေ့ကပြောထားသည်။

ယခုလအတွင်း မြန်မာနိုင်ငံလာမည့်  ရတ်ဇ်တေလာဆန်က  ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသည့်

ရိုဟင်ဂျာဆိုသူဘင်္ဂါလီများကို ဘေးကင်းလုံခြံုစွာပြန်ခေါ်ရန် မြန်မာခေါင်းဆောင်များကို တိုက်တွန်းသွားမည်ဟုလည်း အမေရိကန်နို်င်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားသည်။

ရခိုင်အရေးနှင့် ပတ်သက်ပြီး လူမျိူးသုန်းသတ်ဖြတ်မှုများ ရှိနေသည်ဟု နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲနေပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်တွင် လူမျိုးသုန်းသတ်ဖြတ်မှု လုံးဝမရှိကြောင်း ပြောထားသည်။

မောင်တောဒေသတွင်၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံး၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေ ရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ရ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ရဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ၄ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ သတင်း ဖော်ထုတ်ချက်များအရ အကြမ်းဖက် သမားများက မောင်တော မြို့နယ် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ကျော်အား အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းသိရှိရပြီး စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘော်တလာ ကျေးရွာ အနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required