မာရသွန်လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ

မာရသွန်လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

မာရသွန်လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ

မာရသွန်လေ့ကျင့်ခန်းတွေ မလုပ်ခင် သိသင့်သိထိုက်တာတွေ အားလုံးကို သိရှိနိုင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်နေစဉ်အချိန်မှာ ခန္ဓာကိုယ်ကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို အချိန်ခဏပေးပြီး ဖတ်ကြည့်လိုက်ပါဦး။

သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

မာရသွန်လေ့ကျင့်မှု မစတင်မီမှာ ကျန်းမာရေးစစ်ဆေးမှုအားလုံးကို ပြုလုပ်ထားရပါမယ်။နှလုံးကို အထူးတလည် စစ်ဆေးမှုပြုလုပ်ဖို့ လိုမလို သိနိုင်ဖို့အတွက် ဆရာဝန်တွေကို မေးမြန်းနိုင်ပါတယ်။

အပြေးလေ့ကျင့်တာ (အထူးသဖြင့် အခုအခြေအနေလိုမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာ)ဟာ ထိခိုက်ဒါဏ်ရာ ရလွယ်တဲ့ အားကစားနည်းတမျိုး ဖြစ်တဲ့အပြင် တခါတရံမှာလည်း သင့်ကို အခြားသော ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

ဘာလေးပဲ ဖြစ်လိုက်ဖြစ်လိုက် (အပရိကနာကျင်တာမျိုး၊ခြေထောက်နည်းနည်းနာတာမျိုးလောက်နဲ့) MRI ပြေးရိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် တောက်လျှောက်နာကျင်နေတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တော့ဖူးလို့ သင်ထင်မြင်ယူဆတဲ့ အနေအထားမျိုးတွေမှာတော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုကို ခံယူသင့်ပါတယ်။နောက်ထပ် အရေးကြီးတဲ့ အချက်တချက်ကတော့ လေ့ကျင့်မှု လုပ်နေစဉ်အတောတွင်းမှာ ရေဓာတ်လုံလောက်စွာ ရရှိနေဖို့ပဲ ဖြစ်ပါတယ်။ရေဓာတ်ခမ်းခြောက်တဲ့အတွက် မူးလဲကျတဲ့ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အားကစားသမားတွေ အများကြီးရှိပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ်ကာလမှာ ရေကို လုံလုံလောက်လောက် သောက်ပေးရပါမယ်။အချိန်နီးမှ သောက်ရင်လည်း အန်ထွက်မှာကို စိုးရတဲ့အတွက် သင့်အနေနဲ့ လေ့ကျင့်မှု မစမီ နှစ်နာရီလောက်အလိုကတည်းက ရေကို ကြိုတင်သောက်ထားရပါမယ်။

တဦးတည်း မလေ့ကျင့်ပါနဲ့။

အလွယ်တကူ လက်လျှော့အရှုံးပေးတတ်သူတွေအတွက် တခြားလူတွေနဲ့ အတူတကွ လေ့ကျင့်ခြင်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် စမ်းကြည့်သင့်ပါတယ်။

သင်ဟာ ရည်မှန်းချက်ပန်းတိုင်တခုထားပြီး ကြိုးစားရမှာကို ကြောက်တတ်သူတယောက် မဟုတ်ဖူးဆိုရင်တောင် အခြားတယောက်ယောက် (ဥပမာ နည်းပြ၊လူအများကြီးနဲ့ ပြေးတာ၊ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း ဒါမှမဟုတ် လူမှုရေး လှုပ်ရှားမှုတခုအဖြစ်) နဲ့ အတူတကွ လေ့ကျင့်မယ်ဆိုရင် ဒီအပြေးလေ့ကျင့်ရတာဟာ သင့်အတွက် အင်မတန်မှကို ပျော်စရာ၊စိတ်ဝင်စားစရာ ဖြစ်လာမှာ အမှန်ပါ။

ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ပြေးရင်းလေ့ကျင့်ရင်း တခြားသူတွေနဲ့ စကားစမြည်ပြောလို့ရတဲ့အတွက် ဖြစ်ပါတယ်။တယောက်နဲ့တယောက် စိတ်ဝင်စားစရာ အကြောင်းလေးတွေ ပြောကြမယ်၊အပြန်အလှန် အားပေးကြမယ် ဒါမှမဟုတ် ပြိုင်ဆိုင်ကြမယ် စသဖြင့်ပေါ့။ဒါဆိုရင် မာရသွန်အပြေးလေ့ကျင့်ရတာဟာ ပိုပြီးပျော်ဖို့ ကောင်းလာမှာပါ။

အအိပ်အစားမှန်ပါစေ။

အခုဆိုရင် သင်ဟာ မာရသွန်အပြေးလေ့ကျင့်မှုမှာ စိတ်ရောကိုယ်ပါ အချိန်ပေး မြှုပ်နှံထားပြီး အပြေးလေ့ကျင့်တဲ့အခါ ကယ်လိုရီတွေကို လောင်ကျွမ်းပစ်ရမှာမို့ အစားများများစားတာဟာ အပိုအလုပ်လို့ သင့်အနေနဲ့ ထင်ကောင်းထင်ပါလိမ့်မယ်။

အလားတူပဲ လေ့ကျင့်ချိန်ပိုပေးနိုင်ဖို့အတွက် သင့်အနေနဲ့ အိပ်ချိန်ကိုလည်း လျှော့ချင်ပါလိမ့်မယ်။ဒါပေမယ့် သင့်ခန္ဓာကိုယ်ကို အလေးထားဂရုစိုက်ပါ။ပုံမှန်ဇီဝဖြစ်စဉ်သံသရာကို မပျက်စီးပါစေနဲ့။တတ်နိုင်သမျှ အိပ်ယာစောစောဝင်ပါ။သောကြာညလိုမျိုးမှာ အပြင်ထွက်ပြီး အပေါင်းအသင်းတွေနဲ့ သောက်စားပျော်ပါးတာကို ထိန်းချုပ်ပါ။

ညစာကို သင့်တင့်လျောက်ပတ်စွာ စားဖို့ မမေ့ပါနဲ့။အစာကြေလွယ်တဲ့ ကာဘိုဟိုက်ဒရိတ်တွေနဲ့ ပရိုတင်းတွေ (ဥပမာ ပေါင်မုန့်မီးကင်၊မြေပဲယိုနဲ့ ငှက်ပျောသီး စသဖြင့်)ကို အပြေးလေ့ကျင့်ခန်းမစခင်မှာ အနည်းငယ်စားထားမယ်ဆိုရင် သင့်အနေနဲ့ အကောင်းဆုံးလေ့ကျင့်နိုင်မှာပဲ ဖြစ်ပါတယ်။

သင့်တော်မျှတတဲ့ အစားအသောက်စားသုံးမှု ပုံစံကို ထိန်းထားနိုင်ဖို့အတွက် ကာဘိုဟိုက်ဒရိတ်၊ပရိုတင်း နဲ့ (ကျန်းမာရေးအတွက် အကျိုးရှိတဲ့) အဆီတွေကို မျှမျှတတ ပါဝင်အောင် စားပေးဖို့ လိုပါတယ်။ပြေးပြီးတဲ့အခါမှာလည်း သင့်ခန္ဓာကိုယ်အကောင်းဆုံးအနေအထားမှာ ရှိစေဖို့ လိုအပ်တဲ့အတွက် (တနာရီထက် ပိုကြာကြာပြေးပြီးတိုင်း) အဆီတွေကို လောင်ကျွမ်းပေးနိုင်တဲ့ ကာဘိုဟိုက်ဒရိတ်တွေ၊ဓာတ်ဆားဓာတ်တွေ နဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးရပါမယ်။သောက်စရာ အမျိုးမျိုး၊ဂျဲလ်အမျိုးမျိုးကို စမ်းသုံးကြည့်ခြင်းအားဖြင့် ဘယ်အရာက သင့်အတွက် အဆင်ပြေဆုံး ဖြစ်မလဲ ဒါမှမဟုတ် ဘယ်အရာတွေကို ရှောင်ကျဉ်ရမလဲဆိုတာကို သိရှိနိုင်ပါမယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ မာရသွန်လေ့ကျင့်မှု မစခင်မှာ သင့်အနေနဲ့ သိထားသင့်တဲ့ အရေးကြီးအချက်တွေထဲက အနည်းငယ်မျှသာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်လေ့ကျင့်မှုအထိရောက်ဆုံးဖြစ်ဖို့နဲ့ သင့်ကျန်းမာရေးကို အကောင်းဆုံး အထောက်အကူဖြစ်စေဖို့အတွက် လေ့ကျင့်မှုမစတင်မီ ကျွမ်းကျင်တဲ့ ထရိန်နာ ဒါမှမဟုတ် ဝါရင့်ပညာရှင်နဲ့ ကြိုတင်ဆွေးနွေးပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly