ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်မြောက်ပိုင်း ခရီးစဉ်အပေါ် ဒေသခံများ၏ အမြင်

By RiA
02 November 2017
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်မြောက်ပိုင်း ခရီးစဉ်အပေါ် ဒေသခံများ၏ အမြင်

 

စစ်တွေ၊ နိုဝင်ဘာ ၂ ရက်။          ။  အကြမ်းဖက်ခံရမှုတွေကြံုတွေ့ခဲ့ရပြီး နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်မြောက်ပိုင်း မောင်တော ဒေသကို NLD အစိုးရသက်တမ်း အုပ်ချူပ်မှု ၂ နှစ်အကြာ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပါတယ်။

ယခုခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုတင်သတင်းထုတ်ပြန်မှုတွေ တစုံတရာ ပြုလုပ်ထားတာ မရှိခဲ့သလို ရုတ်တရက် ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

 ရက်ချင်းပြန်ခရီးစဉ်တစ်ခုလည်း ဖြစ်တာကြောင့် ရခိုင်မြောက်ပိုင်းရဲ့ ပကတိ အခြေအနေမှန်တွေကို မသိရှိသွားမှာကို ဒေသ လူထုခေါင်းဆောင်မှုတွေက စိုးရိမ်စိတ်ရှိနေပေမယ့် ယခုလို ရောက်ရှိလာတဲ့ အပေါ်မှာတော့ ကြိုဆိုတယ်လို့ ဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်မြောက်ပိုင်း မောင်တောခရီးစဉ်ကနေ ရခိုင်လူထုဘက်က ဘာတွေ မျှော်လင့်ထားသလဲ သူ့ ခရီးစဉ်အလွန် ဘာတွေဖြစ်လာနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများအပါအဝင် ဒေသမှာ သြဇာရှိတဲ့ လူထုခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဦးထွန်းအောင်ကျော် (ဗဟိုအထွေထွေအတွင်းရေးမှူး - ရခိုင်အမျိုးသားပါတီ)

“ ဒီမှာ ပြဿနာ သုံးကြိမ်ဖြစ်ခဲ့ပါပြီ။၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၆ အောက်တိုဘာမှာ တစ်ကြိမ်နဲ့ ယခု ၂၀၁၇ သြဂုတ်မှာ တစ်ကြိမ်ပါ။ အရင် ၂၀၁၂ ခုနှစ်တုန်းကတော့ သူ့အနေနဲ့ တာဝန်မရှိလို့ ဘာမှ မပြောလိုပေမယ့် ၂၀၁၆ နဲ့ ၂၀၁၇ မှာတော့ သူက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ။ အဲဒီအချိန်တွေမှာတော့ သူ လာရောက်ခဲ့သင့်တာပေါ့။ သို့သော် အခုမှပဲ လာရောက်တာကိုလည်း တာဝန်ရှိသူတစ်ဦးအနေနဲ့ လာရောက်တာလို့ပဲ ကျနော်တို့ ပါတီအနေနဲ့ မြင်ပါတယ်။ သို့သော် ကျနော်တို့ကတော့ စောင့်ကြည့်နေပါတယ်။ ဒါကတော့  ရခိုင်အမျိုးသားပါတီအနေနဲ့ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အချက် ၃ ချက် ရှိပါတယ်။ ဒီ ဘင်္ဂလီတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စစ်ဆေးဖို့ပါ။ နောက်တစ်ချက်က နိုင်ငံသားရသူတွေကို ရခိုင်ပြည်နယ်မှာ ပိတ်လှောင်မထားဘဲ နိုင်ငံအနှံ့ကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့။ ကျန်တစ်ချက်က ၁၉၈၂ ဥပဒေနဲ့ စစ်ဆေးလို့ မထိုက်တန်တဲ့သူတွေကို သူတို့ဟာ နိုင်ငံခြားသားဖြစ်ကြောင်း အစိုးရက ရဲရဲဝံ့ဝံ့နဲ့ ထုတ်ပြန်ပေးပါ ဆိုတဲ့ အချက်သုံးချက်ကို အမြဲတမ်း တောင်းဆိုခဲ့တယ်။ ခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်က မောင်တောအခြေအနေကို လာရောက်လေ့လာတယ်။ လာရောက်တဲ့အခါ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေနဲ့ တွေ့မှာလား ဆိုတာကိုလည်း ပါတီက စောင့်ကြည့်နေပါတယ်။ တကယ်လို့ တွေ့ဖြစ်တယ်ဆိုရင်လည်း တင်ပြတဲ့အချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ပဲ ရခိုင်အမျိုးသားပါတီက မျှော်လင့်ထားပါတယ်။”

ဦးကျော်လှအောင် (ဒေသခံမူဆလင်လူ့အဖွဲ့အစည်းခေါင်းဆောင်)

“ ကျနော် သံအဖွဲ့တွေနဲ့ တွေ့တော့ တင်ပြခဲ့တာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်ပြီးတော့ ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို လာကြည့်သင့်တယ်ပေါ့။ ခု ရောက်လာတော့။ ကောင်းပါတယ်။ အမှန်အတိုင်း သိမြင်သွားရမယ်လေ ဘာတွေ ဘယ်လိုဖြစ်ခဲ့သွားတယ်ဆိုတာ။ ခုက သူက တွေ့ရှိချက်တွေကို ဘာမှ မထုတ်ပြန်သေးတော့ ကျနော်တို့က ဘာမှ မပြောနိုင်သေးပါ။ သို့သော် ကောင်းသောလာခြင်းလို့ပဲ မြင်ပါတယ်။”

ဦးအောင်ဌေး (အနောက်တံခါးကူညီစောင့်ရှောက်ရေးအဖွဲ့)

 “ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အချိန်မှာ လက်တွေ့ မြင်ခဲ့ရတဲ့အတိုင်း ရခိုင်ပြည်သူတို့ရဲ့ အသံ၊ ဘင်္ဂါလီတွေရဲ့ အသံများကို အမှန်တကယ် ကွဲပြားသုံးသပ်နိုင်ပြီးတော့ ရခိုင်ပြည်သူ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများဘက်မှ အမှန်တကယ် ရပ်တည်နိုင်အောင် ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ အဓိက ခု ဘင်္ဂါလီတွေကို လက်ခံဖို့ မခံဖို့ ညှိနှိုင်းလို့တောင်မှ မပြီးသေးဘူး ဘယ်လို ပြန်ရောက်နေကြသလဲမသိဘူး။ တစ်ချို့ လူမရှိတဲ့နေရာတွေမှာ ဘင်္ဂါလီတွေ ပြန်ရောက်ရှိလာကြတာကို မြင်တွေ့နေရတဲ့အတွက် ဒီလိုကိစ္စရပ်တွေမှာလည်း တိတိကျကျ အကောင်ထည်ဖော် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်ဆိုတာကို လက်တွေ့မြင်သွားစေချင်ပါတယ်။”

ဦးဓမ္မိက (စည်းကမ်းထိမ်းသိန်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များအသင်း)

“ အရင်ဖြစ်စကတည်းကတော့ ပေါ့ပေါ့ပါးပါးပဲ သူက ထင်ခဲ့တယ်ပေါ့နော်။ အခုလာရောက်တာက အခြား ပုဂ္ဂိုလ်တွေအနေနဲ့ ဆောင်ရွက်လို့မပြီးနိုင်။ သူကိုယ်တိုင်လာရောက်ပြီးတော့ အရောင်အသွေးပြရမယ်။ အဲဒါတွေလည်း ပါတယ်လို့ ဦးဇင်းတို့က သုံးသတ်တယ်။ အဲဒါကြောင့် ဒီနေရာကို သူလာပြီးတော့ မောင်တောကိုသွားမယ်။ ဟိုနေရာသွားမယ်။ တကယ့်ဖြစ်စဉ်လား။ အနေအထားတွေကဘယ်လိုလဲ။ အဲဒါတွေကို သူ မျက်ဝါးထင်ထင်တွေ့ချင်တဲ့ အတွက်ကြောင့်လို့ သုံးသပ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို   မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာတွေကို ရှောင်ရှားပြီးတော့ ဆောင် ရွက်ဖို့တော့လိုမယ်။”

ဦးသန်းထွန်း (အတွင်းရေးမှူး - အနောက်ဖက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ))

“ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နဲ့ ပတ်သတ်ပြီးဖွဲ့တဲ့ အဖွဲ့တော်တော်များများမှာ ဥက္ကဌအဖြစ် ဆောင်ရွက်နေတယ်။ အခုအချိန်ဟာ သူလာသင့်တဲ့အချိန်လေ။ အရင်ကလာတာ မလာတာအသာထား။ အခုအချိန် သူလာသင့်တဲ့ အချိန်။ သူမျက်မြင် ကိုယ်တွေ့ မြင်တွေ့ရမယ့် အချိန်တွေမှာ လာတာကတော့ ကောင်းတဲ့လက္ခဏာပေါ့။ သူလာပြီးကြည့်တဲ့အခါမှာ ရခိုင်ပြည် (နယ်) ရဲ့ ပကတိအနေအထား။ ရခိုင်တွေရဲ့ ခံနေရတဲ့ အနေထား။ ဘင်္ဂလီတွေရဲ့ နေရာယူထားတဲ့အနေအထား။ အဲဒါတွေကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ရပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ရခိုင်တိုင်းရင်းသား တွေရဲ့ ဘဝကောင်းမွန်လုံခြံုဖို့ အဖြေထုတ်ပေးနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။”

ဦးကိုအောင်(မောင်တောဒေသခံ)

“ ဒေါ်အောင်ဆန်းစုကြည် လာတာက ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။ လာလည်း လာသင့်ပါတယ်။ အရင်းတုန်းကလည်း သူ လာဖို့အတွက် အစီစဉ်တွေ လုပ်ခဲ့တာတွေရှိတယ်။ သို့သော်လည်း လုံခြံုရေးအခြေနေအရ အဲဒီခရီးစဉ်တွေက ပျက် ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ခေါက်ကတော့ မဖြစ်မနေလာတာပေါ့လေ။ သူလုပ်ထားဟာက တတိယမြောက်အစီစဉ် မှာမှ မောင်တောကို ရောက်တယ်။ ကျွန်နော်တို့ သိထားသလောက်ဆိုလို့ရှိရင် အစိုးရကနေပြီးတော့ (UHERD) က ပြန်လည် တည်ထောင်ရေးလုပ်ငန်းတွေ လုပ်မယ့်နေရာ။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်မယ့်နေရာ။ နောက်ပြီးတော့ အရေးပေါ် လူသားချင်းစာနာမှု အကူညီပေးမယ့် အစီစဉ်တွေအတွက်ကို လာပြီးတော့ ဖြည့်ဆည်းတယ်။ အဲလိုပဲ ယူဆပါတယ်။ သူ့ကို သဘောမကျတဲ့ လူလည်းရှိချင် ရှိမှာပေါ့လေ။ သို့သော်လည်း ဒါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ မောင်တောဒေသဖွံ့ဖြိုးရေးအတွက် ရခိုင်ဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီးတော့ တာဝန်ယူထားတဲ့ ဥက္ကဌ တစ်ယောက်အနေနဲ့ သူ့ရဲ့လုပ်ငန်းတာဝန်ကို ဆောင်ရွက်တာဟာ ဒါက ဘာပဲဖြစ်ဖြစ် လာသင့်တဲ့ ခရီးလို့ လည်းထင်တယ်။ နောက်လည်းလာစေချင်တယ်။ ကောင်းတယ်လို့့ပဲ ယူဆပါတယ်။”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly