ဘန်ကောက်ရှိ ဟိန္ဒိူဘုရားကျောင်းဗုံးခွဲမှုက နိုင်ငံခြားသားများကို ရည်ရွယ်သတ်ဖြတ်ခြင်းဖြစ်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးပြော

ဘန်ကောက်ရှိ ဟိန္ဒိူဘုရားကျောင်းဗုံးခွဲမှုက နိုင်ငံခြားသားများကို ရည်ရွယ်သတ်ဖြတ်ခြင်းဖြစ်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးပြော

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ် ၁၇ ရက်ညက ဟိန္ဒိူဘုရားကျောင်းအား ဗုံးခွဲတိုက်ခိုက်ခြင်းက နိုင်ငံခြားသားများကို ပစ်မှတ်ထားသတ်ဖြတ်ရန် ကြံစည်ကာ ဗုံးထောင်ဖောက်ခွဲခြင်း တစ်ရပ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ယင်းဗုံးထောင်ဖောက်ခွဲမှုတွင် သေဆုံးသူ ၂၁ ဦးနှင့် ဒဏ်ရာရသူမှာ ၁၂၀ ကျော်ရှိပြီး ကျုးလွန်သည့် လက်သည်များကို မရမနေ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပရာဝတ်ဝေါင်ဆူဝန် ကပြောသည်။

ဗုံးဖောက်ခွဲခံရသည့် အီရာဝန်ဟိန္ဒူဘုရားကျောင်းသည် ကမ္ဘာလှည့်ခရီးသွားများ အဓိကလာရောက်ရာနေရာဖြစ်ပြီး သေဆုံးဒဏ်ရာရသူများတွင် ကမ္ဘာလှည့်ခရီးသည်များ ပါဝင်သည်။

ယခုတိုက်ခိုက်မှုကို ကျုးလွန်ကြောင်း မည်သည့်အဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးဘဲ မည်သည့်အဖွဲ့အစည်းက ယင်းနေရာကို တိုက်ခိုက်နိုင်သည်ဆိုခြင်းကိုလည်း ရှင်းလင်းမသိနိုင်သေးပေ။

အဆိုပါဗုံးသည် သြဂုတ် ၁၇ ရက် ဒေသစံတော်ချိန် ၇ နာရီခန့်က ပေါက်ကွဲခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဘုရားကျောင်းနှင့် အနီးရှိ ရတ်ချာပရာဆွန် ဂျန်းရှင်းတွင် လူများ အုံခဲကာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

ဝန်ကြီး ဝေါင်ဆူဝန်က "ဗုံးထောင်သူတွေက နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးပျက်စီးအောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း" သတင်းထောက်များသို့ ပြောခဲ့သည်။

ဝန်ကြီးချုပ် ချန်အိုချာကလည်း ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တုံ့ပြန်သွားရန် အရေးပေါ်စည်းဝေးခဲ့ကြောင်း နေးရှင်းရုပ်မြင်သံကြားသတင်းတွင် ဖော်ပြသည်။

ထောင်ထားဖောက်ခွဲခဲ့သည့် ဗုံးသည် လက်လုပ်  "pipe bomb" တစ်လုံးဖြစ်ကြောင်း၊ ဘုရားကျောင်းအတွင်း ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရဲဌာန အကြီးအကဲ ဆွမ်ယုတ်ပွမ်းပမ်မွန် ကပြောသည်။ TNT ယမ်းအား ၃ ကီလိုဂရမ်ကို အသုံးပြုကာ ဗုံးလုပ်ဖောက်ခွဲခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြသည်။

"ဒီဗုံးကို ထောင်သူတွေက လူတွေ သေအောင်ရည်ရွယ်ပြီး ဗုံးထောင်တာဖြစ်တယ်။ တကယ့်ကို ရက်စက်ယုတ်မာတဲ့သူတွေ။ လူတွေ အတုံးအရုံးသေကြတာမျိုးကို တမင်ရည်ရွယ်ပြီး ဗုံးထောင်ဖောက် ခွဲကြတာဖြစ်တယ်။"ဟု ၎င်းက ပြောသည်။

ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူများတွင် ထိုင်းလူမျိုး ၁၀ ဦးနှင့် တရုတ်နှစ်ဦး၊ ဖိလစ်ပိုင်တစ်ဦးတို့ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ဒဏ်ရာရသူများမှာ ၁၂၃ ဦးရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required