နယူးယောက်အကြမ်းဖက်တိုက်ခိုက်မှု၏ လက်သည်တရားခံအား သေဒဏ်ပေးသင့်သည်ဟု ထရမ့်ပြောဆို

နယူးယောက်အကြမ်းဖက်တိုက်ခိုက်မှု၏ လက်သည်တရားခံအား သေဒဏ်ပေးသင့်သည်ဟု ထရမ့်ပြောဆို

 

၀ါရှင်တန်၊ အမေရိကန်ပြည်ထောင်စု၊ နို၀င်ဘာ ၂ ။             ။ နယူးယောက်မြို့ရှိ လမ်းမကြီးပေါ်မှလူအုပ်ကြီးကို ပြီးခဲ့သောအင်္ဂါနေ့က ကားတစ်စီးဖြင့်အရှိန်နှင့်ဝင်တိုက်ခဲ့ပြီး လူ ၈ ဦးခန့်ကို   သေဆုံးစေခဲ့သည့်အတွက် အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသော လက်သည်တရားခံအား သေဒဏ်ပေးသင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

“နယူးယောက်တိုက်ခိုက်ခံရမှုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားဟာ သူ့လုပ်ရပ်အတွက် သူကျေနပ်နေပါ တယ်။ သူ့ရဲ့ဆေးရုံအခန်းထဲမှာ IS အလံလွှင့်ထားဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ သူဟာ လူ ၈ ဦးကို သတ်ခဲ့ ပြီး ၁၁ဦး ဒဏ်ရာရအောင် ကျူးလွန်ခဲ့ပါတယ်။ ဒီလိုလူမျိုးကို သေဒဏ်အပြစ်ပေးသင့်ပါတယ်” ဟု ထရမ့်က သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ကနဦးကလည်း နယူးယောက်တိုက်ခိုက်မှုတရားခံ ဆိုင်းပေါ့ဗ်ကို အမည်ဆိုးဖြင့်ကျော်ကြားသည့် ဂွမ်တာနာမို အကျဉ်းထောင်သို့ ပို့ဆောင်ဖို့စဉ်းစားနေကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ ဂွမ်တာနာမိုအကျဉ်းထောင်သည် ကျူးဘားရှိ အမေရိကန်တို့၏ စစ်အကျဉ်းစခန်းတစ်ခုဖြစ်ပြီး နိုင်ငံရပ်ခြားမှ ဂျီဟတ်ဝါဒီ သံသယတရားခံများကို ဖမ်းဆီးထိန်းသိမ်းထားသော နေရာဖြစ်သည်။

နယူးယောက်ရှိ လမ်းမကြီးပေါ်မှ လမ်းသွားလမ်းလာများနှင့် စက်ဘီးသမားကို ကားနှင့်အရှိန်ပြင်းစွာဝင်တိုက်ခဲ့ သော တရားခံက သူသည် IS တို့၏လုပ်ရပ်ကို အားကျနေသူတစ်ဦးဖြစ်ပြီး လူများကိုသတ်ဖြတ်ခဲ့ရသည့် အတွက် ၀မ်းသာကျေနပ်သည်ဟု ထွက်ဆိုခဲ့ကြောင်း စစ်ဆေးမေးမြန်းသူများက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဥဇဘတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူ ဆေဖူလိုဆိုင်းပေါ့ဗ်အား အစိုးရရှေ့နေများက အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုလျက်ရှိနေပြီး ယင်းတရားခံသည် ထိုတိုက်ခိုက်မှုကိုကျူးလွန်ရန် လွန်ခဲ့သော နှစ်ကတည်းက အစီအစဉ်ချမှတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags