၂၁ ရာစုပင်လုံ တတိယအကြိမ်မတိုင်မီ တိုင်းဒေသကြီး ရ ခု၌ လူထုအကြိုညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပသွားမည်ဟု ABSDF ကြေညာ

၂၁ ရာစုပင်လုံ တတိယအကြိမ်မတိုင်မီ တိုင်းဒေသကြီး ရ ခု၌ လူထုအကြိုညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပသွားမည်ဟု ABSDF ကြေညာ
Photo -  ABSDF

 

ရန်ကုန် ၊ နိုဝင်ဘာ ၂ ။              ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးမတိုင်မီ တိုင်းဒေသကြီး ရ ခုတွင် လူထုအကြို ညှိနှိုင်းဆွေးနွေးပွဲများကို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) က ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ABSDFအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ထဲထဲဝင်ဝင်ပါ၀င်နေခြင်းသည် အင်အားစုအားလုံးပါ၀င်သည့် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကိုအခြေခံသည့်   နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန်ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ABSDF အနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၂၉ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားတွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အနေဖြင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံရေးလိုအပ်ချက် အရ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required