နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ကို လာရောက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ကို လာရောက်
ဓာတ်ပုံ - ဝင်းကျော်လှိုင်

 

စစ်တွေ၊ နိုဝင်ဘာ ၂ ရက်။             ။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က စစ်တွေလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

ယင်းနောက် စစ်တွေလေဆိပ်ခန်းမဆောင် (နားနေဆောင်) အတွင်း ပြည်နယ်အစိုးရအဖွဲ့အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ်အတွင်းရှိ ဒုက္ခသည်များ၏ အမှန်တကယ် လိုအပ်ချက်သည့် အခြေအနေများကို သိရှိနိုင်ရန် အချက်အလက်ကောက်ယူမှုဆိုင်ရာ အစီစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့်ဟု သိရသည်။

“ အဓိကက ဒေသလိုအပ်ချက်တွေနဲ့ ကယ်ဆယ်ရေးစခန်းနေသူတွေဆီမှာ ဘာတွေလိုအပ်တယ်ဆိုတာ ဒေသလိုအပ်ချက်တွေကို မေးတယ်။ အဲဒါ မေးပြီးတဲ့နောက် တောင်ပြိုဘက်ကို ဟို ဘူးသီးတောင်၊ မောင်တောဘက်ကို ထွက်သွားတယ်။ တွေ့ဆုံခဲ့ချိန်မှာတော့ လုပ်ငန်းအစီစဉ်တွေအနေနဲ့ ဘယ်လိုစပြီးတော့ လုပ်မယ်။ အချက်အလက်တွေကို ဘယ်လိုကောက်ခံမလဲ။ ပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဘယ်လိုတိတိကျကျ ဖြန့်ဝေမလဲပေါ့။”  ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့မှ အဖွဲ့ဝင် ကိုထက်အောင်လင်းက RiA သို့ ပြောသည်။

ယင်းသို့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်မြောက်ပိုင်း မောင်တောမြို့ တောင်ပြိုလက်ဝဲဒေသသို့ နံနက် ၉ နာရီချိန်အခန့်တွင် ဆက်လက်ထွက်ခွာသွားခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်သည် စစ်တွေလေဆိပ်၌ ၄၅ မိနစ်ခန့်ကြာသာ နေခဲ့ပြီး မြို့အတွင်းသို့ လာရောက်ခဲ့ခြင်းမရှိဘဲ ယင်းသို့ မောင်တောဒေသသို့ တိုက်ရိုက်ထွက်ခွာသွားခြင်းဖြစ်သလို သူ၏ ယခုခရီးစဉ်သည် ရက်ချင်းပြန် ခရီးစဉ်ဖြစ်ကြောင်းလည်း အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောကြားချက်ကို ကိုးကား၍ ဧရာဝတီသတင်းဌာန၏ ယနေ့နံနက် သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အစိုးရလက်ထက်က သူနေအိမ်အကျယ်ချူပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၀၃ ခုနှစ်တွင် စစ်တွေမြို့သို့ တစ်ကြိမ်ရောက်ရှိခဲ့ပြီး ယခုခရီးစဉ်သည် နှစ်ပေါင်း ၁၄ နှစ်တာ ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် စစ်တွေကို ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly