ဒဏ်ရာကြောင့် ဘာစီလိုနာကွင်းလယ်လူ ဆာဂျီရောဘတ်တိုနှင့် အန်ဒရေဂိုးမက်စ်တို့ (၁)လနီးပါး အနားယူရမည်

ဒဏ်ရာကြောင့် ဘာစီလိုနာကွင်းလယ်လူ ဆာဂျီရောဘတ်တိုနှင့် အန်ဒရေဂိုးမက်စ်တို့ (၁)လနီးပါး အနားယူရမည်
(ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ အိုလံပီယာကော့စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာကွင်းလယ်လူတွေဖြစ်တဲ့ ဆာဂျီရောဘတ်တိုနှင့် အန်ဒရေးဂိုးမက်စ်တို့မှာ ဒဏ်ရာရရှိခဲ့တာကြောင့် (၁)လနီးပါး အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။

အေသင်မှာ အိုလံပီယာကော့စ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ရောဘတ်တိုဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ဂိုးမက်စ်မှာ ၎င်းရဲ့ပေါင် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ကြေညာချက်မှာ “ကွင်းလယ်လူ ရောဘတ်တိုဟာ ၎င်းရဲ့ ညာဘက်ခြေထောက်မှာ တံကောက်ကြောဒဏ်ရာကြောင့် ၅ ပတ်ဝန်းကျင်၊ ၎င်းရဲ့ ပေါ်တူဂီအသင်းဖော် ဂိုးမက်စ်ဟာ ညာခြေထောက်မှာ ပေါင်ဒဏ်ရာကြောင့် ၃ ပတ်မှ ၄ ပတ် ဝန်းကျင် အနားယူရမှာဖြစ်ကြောင်း” ဖော်ပြပါရှိပါတယ်။

ဒါ့ကြောင့် အဆိုပါကစားသမားနှစ်ဦးဟာ နိုင်ငံတကာပွဲတွေ မကစားမီ ဆီဗီလာ၊ လီဟာနက်စ်တို့နှင့် ကစားမယ့် လာလီဂါပွဲစဉ် (၂)ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

နိုင်ငံတကာပွဲတွေအပြီးမှာ ဘာစီလိုနာအသင်းဟာ လာလီဂါမှာ လီဟာနက်စ်နှင့် ဗလင်စီယာ၊ စပိန်ဘုရင်ဖလားပွဲမှာ မာစီယာအသင်း၊ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်အသင်းနှင့် ကစားရဖို့ရှိပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required