နေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်မကုန်ဆုံးမီ၌ပင် ဆောက်သမ်းအသင်း ချန်ပီယံဖြစ်လာ

နေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်မကုန်ဆုံးမီ၌ပင် ဆောက်သမ်းအသင်း ချန်ပီယံဖြစ်လာ
၂၀၁၆ နေရှင်နယ်လိဂ်-၁ သို့ တန်းတက်ခွင့်ရခဲ့သည့် ဆောက်သမ်းအသင်း။ ဓာတ်ပုံ - MFF

ရန်ကုန်၊ သြဂုတ် ၁၇ ။       ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဆောက်သမ်းမြန်မာ အက်ဖ်စီအသင်းသည် လက်ကျန်ပွဲစဉ်များ ပြီးဆုံးရန် သုံးပွဲအလို၌ပင် လိဂ်-၂ ချန်ပီယံဖြစ်လာပြီး ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲသို့ တန်းတက်ကစားခွင့် ရရှိလာခဲ့သည်။

လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၅ တွင် GFA အသင်းက ငွေကြယ်ပွင့်အသင်းကို ၁၀-၁ ဂိုး၊ ဒဂုံအက်ဖ်စီအသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းကို ၄-၀ ဂိုး၊ Best United အသင်းက ဖုန်ဂန် အသင်းကို ၄-၂ ဂိုး၊ ဆောက်သမ်းအသင်းက မြဝတီအသင်းကို ၁-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး Horizon အသင်းနှင့် မောရဝတီအသင်းတို့မှာ တစ်ဘက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၅ ပွဲစီ ကစားအပြီးတွင် ဆောက်သမ်းအသင်းက ရမှတ် ၄၁ မှတ် ရရှိထားပြီး အမှတ်ပေးဇယား ပထမနေရာမှ တန်းတက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ကျန် တန်းတက်ခွင့် ဒုတိယနေရာ တစ်နေရာအတွက်မူ GFA အသင်းနှင့် Horizon အသင်းတို့ အကြိတ်အနယ် ဖြစ်နေသည်။ ပွဲစဉ် ၁၅ ပွဲစီ ကစားပြီးတွင် GFA  အသင်းက ရမှတ် ၃၅ မှတ်ရရှိထားပြီး Horizon  အသင်းက ရမှတ် ၂၉ မှတ်ရရှိထားသည်။

လာမည့်ပွဲစဉ် ၁၆ တွင် ဒုတိယ တန်းတက်ခွင့် တစ်နေရာအတွက် အကြိတ်အနယ်ဖြစ်နေသော GFA အသင်းနှင့် Horizon အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်သည် ဒုတိယတန်းတက်ခွင့် တစ်နေရာအတွက် အဆုံးအဖြတ် ဖြစ်လာမည်ဖြစ်သည်။ လက်ရှိအချိန်တွင် GFA အသင်းက Horizon အသင်းထက် ရမှတ် ခြောက်မှတ် သာနေသဖြင့် တန်းတက်ရန် ပိုမိုအခွင့်အရေးသာနေသည်။

ပွဲစဉ် ၁၅ အပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာတွင် ဒဂုံအက်ဖ်စီအသင်းက ရမှတ် ၂၈ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာ တွင် မောရဝတီအသင်းက ရမှတ် ၂၃ မှတ်ဖြင့် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly