ရခိုင်မောင်တောနယ်စပ်တွင် ကျပ်သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန် တည်ဆောက်မည်

ရခိုင်မောင်တောနယ်စပ်တွင် ကျပ်သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန် တည်ဆောက်မည်
ဓာတ်ပုံ - စီးပွားရေးဇုန်အဖြစ် တိုးချဲ့တည်ဆောက်မည့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - အေဝမ်းစိုး)

စစ်တွေ၊ အောက်တိုဘာ ၃၁ ရက်။           ။ ပဋိပက္ခများနှင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စီးပွားရေးနာလန်မထူနိုင်သေးသည့် ရခိုင်မြောက်ပိုင်း မောင်တော နယ်စပ်တွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည်။

အစိုးရဘက်မှ ငွေကျပ်သန်းပေါင်း ၁၅၀၀ နှင့် ပုဂ္ဂလိကဘက်မှ သန်း ရ၀၀ စုစုပေါင်း ကျပ် သန်း ၂၂၀၀ အကုန်ကျခံ တည်ဆောက်မည့် အဆိုပါ စီးပွားရေးဇုန်မှာ ယခင်က ကုန်သွယ်ရေးဇုန် အဖြစ်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ပို့ကုန်အသာစီး ရယူထားနိုင်သည့် (ပို့ကုန် ၉၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ၁၀ ရာခိုင်နှုန်း ရရှိထားသော) စခန်း တစ်ခုလည်း ဖြစ်သည်။

ကုန်သွယ်ရေးဇုန် အကောင်အထည်ဖော်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နတ်မြစ်အလင်းတန်း ကုမ္ပဏီတို့က အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်တွေမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

“ အရင်ကတော့ ကုန်သွယ်ရေးဇုန်အဖြစ်ပဲ မျှော်လင့်ခဲ့ပါတယ်။ ခုတော့ ပြောင်းလဲလာတဲ့ အနေအထားအရ ကျွန်တော်တို့က ကြီးကျယ်တဲ့ စီးပွားရေးတစ်ခု မောင်တောမှာလုပ်ဖို့ဆိုပြီး ကုန်သွယ်ရေးဇုန်နဲ့ စီးပွားရေးဇုန်ပေါ့ ထပ်မံတိုးချဲ့လိုက်တာပါ။” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေး (ကညင်ချောင်းကုန်သွယ်ရေးစခန်း) သည် အခြေခံ စားကုန်အပါအဝင် ကုန်စည် အများအပြားကို ဘင်္ဂလားဒေ့ရှ်နိုင်သို့ တင်ပို့နိုင်သည့် စခန်းတစ်ခုဖြစ်သော်လည်း ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခများအပြီး ကုန်သွယ်မှုပမာဏမှာ ၆၀ ရာခိုင်နှုန်းထိ ထိုးကျခဲ့ရကြောင်း နယ်စပ်ကုန်သွယ်မှုပမာဏ သတင်းအချက်အလက် မှတ်တမ်းများအရ သိရသည်။

ယခင်အစိုးရလက်ထက်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်းစက်မှုဇုန်များ အပါအဝင် စစ်တွေ ဆတ်ရိုးကျ စက်မှုရပ်ကွက်များကို တည်ဆောက်နိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသော် လည်း ဒေသ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခြင်း မရှိသလို ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ခြင်း မပြုနိုင်သော ကြောင့်လည်း စီမံကိန်းများမှာ အကောင်အထည်မဖော်နိုင်ဘဲ ရပ်တန့်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly