တောင်ကြီးတွင် မီးပုံပျံပျက်ကျပြီး ၁၂ ဦးဒဏ်ရာရ၊ ၃ ဦးစိုးရိမ်ရ

တောင်ကြီးတွင် မီးပုံပျံပျက်ကျပြီး ၁၂ ဦးဒဏ်ရာရ၊ ၃ ဦးစိုးရိမ်ရ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ အောက်တိုဘာလ  ၃၁ ။           ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် တွံတီးမီးပုံပျံအဖွဲ့မှ လွှတ်တင်သည့် ယမ်း ၃၇ ပိဿာပါ မီးပုံးပျံ ပျက်ကျလောင်ကျွမ်းသဖြင့် လူ ၁၂ ဦး ဒဏ်ရရှိခဲ့ပြီး ၃ ဦးမှာ စိုးရိမ်ရသည့် အခြေ အနေရှိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး စိုးထွန်းဝင်းက မဇ္စျိမသို ့အတည်ပြု ပြောသည်။

အောက်တိုဘာလ ၃ဝ ရက်၊ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က အဝေရာမီးပုံးပျံကွင်းတွင် အဖွဲ့ခေါင်းဆောင် သော်ဇင်ညီညီ၊ စည်သူဖြိုးအောင်တို့အပါအဝင် တွံတီး မီးပုံးပျံအဖွဲ့မှ လွှတ်တင်သည့် ကျပ်သိန်း ၄ဝ တန်ဖိုးရှိ တူးခင်းတီးအမည်ရှိ မီးပုံပျံမှာ VIP ဆောင်ရှေ့တွင် ပျက်ကျလောင်ကျွမ်းခဲ့သည်။

ထိုသို့ မီးပုံပျံပျက်ကျလောင်ကျွမ်းခဲ့သဖြင့် အမျိုးသမီး ၈ ဦး၊ အမျိုးသား ၄ ဦးမှာ ယမ်းထိမှန်ဒဏ်ရာများ၊ ပေါက် ပြဲပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ၃ ဦးစိုးရိမ်ရသည့် အခြေအနေရှိကြောင်းသိရသည်။

“ မီးပုံပျံလွှတ်တင်တဲ့အချိန်မှာ ပြန်ပြုတ်ကျတာပေါ့။ စိုးရိမ်ရတဲ့အခြေအနေကတော့ လူနာ ၃ ယောက်တော့ နည်းနည်းစိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့် ခုတော့ သတိရလာပြီလို့တော့ သိရပါတယ်။ အခင်းဖြစ် ဖြစ်ချင်းကတော့ စိုးရိမ်ရတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်ကတော့ အရေးယူမှုပိုင်းမရှိပါဘူး။ ဒါက မတော်တဆဖြစ်တာ။ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်တော့ အရေးယူမှုအပိုင်းတော့ မရှိပါဘူး” ဟု ဒုတိယရဲမှူး စိုးထွန်းဝင်းက ပြောသည်။

အဆိုပါ ယမ်းစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပွန်းပဲ့ဒဏ်ရာရရှိသူများကို လက်ရှိတွင် စဝ်စံထွန်းဆေးရုံ နှင့် မီးပုံးပျံ ကွင်းရှိကျန်းမာရေး ဆေးပေးခန်းတွင် ဆေးကုမှုပေးလျက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly