သွေးတိုးရောဂါ . . .ဆိုတာ

သွေးတိုးရောဂါ . . .ဆိုတာ

ဒီနေ့ခေတ် ဒီနေ့အချိန်အခါမှာ ကျွန်တော်တို့ လူသားတွေရဲ့အသက်တွေကို ထုတ်ယူ နှုတ်ယူသွားတာ အများဆုံးထဲကရောဂါတစ်ခုဖြစ်တဲ့ သွေးတိုးရောဂါအကြောင်းကို မဇ္စျိမပရိတ်သတ်များအတွက် ဆင်ခြင်နိုင်ဘို့ တင်ပြပါရစေ ။

သွေးတိုးရောဂါဆိုတာ ရပ်ကွက်တွေထဲအများပြောနေကြသလိုသွေးတိုးနေလို့ခေါင်းမူးတာ၊အကြော တက်စာ တွေစားလို့ သွေးတိုးပြီးခေါင်းမူးတာ လို့ပြောနေကြပေမယ့် တကယ်တန်းဆေးပညာအရက တော့ သွေးပေါင်ချိန် ကရိယာနဲ့ တိုင်းပြီးမှသွေးတိုးရောဂါ ရှိ မရှိ သတ်မှတ်တာပဲဖြစ်ပါတယ် ။သွေးပေါင် ချိန်နဲ့သတ်မှတ်မှလည်း သွေးတိုးလို့ခေါ်တာဖြစ်ပါတယ် ။ ဘာတွေခံစားရတယ် ဘယ်လိုခံစားနေရတယ် ဆိုရုံလောက်နဲ့ သွေးတိုးရောဂါ လို့ မသတ်မှတ်ပါဘူး ။ဥပမာ - ဇက်ကြောထိုးတယ် ၊ ခေါင်းမူး တယ် ၊ဒါ့ကြောင့် သွေးတိုးတယ်ဆိုပြီး   သွေးကျ ဆေးသောက်တယ် ၊ဒါဆို မှားပြီပဲဖြစ်ပါတယ် ။ ဇက်ကြောထိုးရခြင်း အကြောင်းအရင်းက အများကြီးရှိပါတယ် ၊ သွေးမတိုးဘဲနဲ့ သွေးကျဆေး သောက်မိသွားတာတွေ လည်းရှိနိုင်ပါတယ် ။ဘယ်လောက်ဆိုးတဲ့သွေးတိုးမို့ ဘယ်လောက် ဘယ်လောက်သောက်တယ် ဆိုတဲ့ အတိုင်းအတာလည်း မရှိ ဖြစ်သွားတတ်ပါတယ် ။ဒါကြောင့် သွေးပေါင်ချိန်ကြည့်ခြင်းဟာ အခရာကျကြောင်းပြောရခြင်းဖြစ်ပါတယ်။သွေးပေါင်ချိန်ခြင်းဆိုတာဟာ အင်မတန်လွယ်ပါတယ်။ သွေးတိုး ရှိ မရှိကို ECG နဲ့ ရိုက်ကြည့်စရာ မလိုပါဘူး။ သွေးဖောက်စစ်စရာလည်း မလိုပါဘူး။ ဒါကြောင့် သွေးပေါင်ချိန်ကို အလေးမထားဘဲနဲ့ စနစ်တကျ မလုပ်ရင် မှားသွားနိုင်ပါတယ် ။

ဘယ်လိုမှားနိုင်လည်းဆိုရင် မတက်တဲ့ သွေးပေါင်ချိန်ကို တက်တယ်လို့ ထင်တယ်။ တက်နေတဲ့ သွေးပေါင်ချိန် ကို နည်းနေတယ်လို့ ထင်တယ်။ဒီလိုအမှားတွေ မမှားဘို့လိုပါတယ် ၊။ မှန်ကန်တဲ့သွေးပေါင်ချိန်ကိုလည်း စနစ် တကျဖြစ်ဖို့ သွေးပေါင်ချိန်တိုင်းတဲ့ ကရိယာတွေရဲ့ အရည်အသွေးလည်းမြင့်ဖို့လိုပါတယ် ။ နောက် -သွေးပေါင် ချိန်တိုင်းတဲ့ လူရဲ့ နည်းစနစ်ကျမှု အပေါ်မှာလည်း မူတည်ပါတယ် ။ ဒါကြောင့် သွေးတိုးတယ် ဆိုတာ သွေးပေါင်ချိန်တဲ့နည်းနဲ့ပဲ သိနိုင်မှာပဲ ဖြစ်ပါတယ် ။ သွေးပေါင်ချိန်တဲ့အခါ အပေါ်သွေးနဲ့ အောက်သွေး ဆိုတာ ရှိပါတယ် ၊ အပေါ်သွေးက ၁၄၀ အောက်သွေးက ၉၀ တစ်ခုခု ကျော်လို့ ရှိရင် သွေးတိုးလို့ခေါ်လို့ရပါတယ် ။  နမူနာ တစ်ခု ပြောရမယ်ဆိုရင် ၁၅၀ - ၁၀၀  ။  ၁၅၀-၇၀ ။ ၁၃၀-၁၀၀ ဆိုရင် သွေးတိုးလို့ ခေါ်လို့ရပါတယ် ။ နှစ်ခုတက်ရင်သော်လည်းကောင်း ၊ တစ်ခုတည်း တက်ရင်သော်လည်းကောင်း ခေါ်လို့ရပါတယ်။  ကျွန်တော်တို့ အပြင်ထွက်ပြီး ပြေးလိုက်မယ်၊ ၁၅ မိနစ်လောက် ပြေးလိုက်မယ်ဆိုရင် သွေးပေါင်ချိန် တက်နေပါမယ်။ အဲဒါကို သွေးတိုးလို့ ခေါ်လားဆိုရင် မခေါ်ပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားလို့ သွေးတက်တာ။ စိတ်လှုပ်ရှားလို့ တက်တာ။ ခဏတဖြုတ်တက်တာကို မခေါ်ပြန်ပါဘူး။ သွေးပေါင်ချိန်က တိုင်းတဲ့ အချိန်တော်တော်များများမှာ တက်နေမှ သွေးတိုးလို့ ခေါ်ပါတယ်။ ချုပ်ပြောမယ်ဆိုရင် သွေးချိန်တဲ့အခါ ၁၄၀-၉၀ ကျော်တယ်။ တိုင်းတဲ့အချိန် မှာ များစွာ တက်နေတယ်ဆိုရင်တော့ ခေါ်ပါတယ်။ ချို့ယွင်းချက် က တစ်ခါ ချိန်တဲ့အခါ သွေးပေါင်ချိန်ဟာ ၂၀၀-၁၂၀ ဖြစ်နေပြီ ဆိုရင်တော့ နောက်ထပ် ချိန်ဖို့တော့ မလိုတော့ပါဘူး။ အဲဒါကိုတော့ တစ်ချိန်တစ်ခါ တက်ရုံနဲ့ သွေးတိုးလို့ ခေါ်နို်င်ပါတယ် ။

သွေးတိုးနဲ့ ပတ်သက်ပြီးတော့ ဆေးပညာ နှီးနှောဖလှယ်ပွဲတွေမှာ ပြောလေ့ ပြောထ စကားရှိပါတယ်။ သွေးတိုးရှိမှန်း မသိတဲ့ ရာခိုင်နှုန်းက၊ မြန်မာနိုင်ငံတွင် မက ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတောင်   သွေးပေါင်မချိန်လို့ သွေးတိုးရှိမှန်း မသိတဲ့ လူနာတွေ အများကြီး။ သွေးတိုးရှိပါတယ်ဆိုပြီးတော့ သွေးကျဆေး မသောက်တဲ့ သူတွေ တစ်ပုံကြီး ၊ သွေးကျဆေး သောက်ပါတယ်ဆိုပြီးတော့ အကျိုးရှိအောင် မသောက်ဘဲနဲ့ လိုချင်တဲ့ သွေးပေါင်ချိန် ရောက်အောင် မသောက်တဲ့ သူတွေက တစ်ပုံကြီးရှိပါတယ် ။ အဓိပာယ်က သွေးတိုးရှိတယ် မရှိဘူးက ဘာလက္ခဏာရှိမှ ဆိုတာ မရှိဘူးလို့ ဆိုလိုချင်တာပဲဖြစ်ပါတယ် ။  ဒါကြောင့်မို့လို့လဲ လူတွေက မချိန်ကြလို့ပဲဖြစ်ပါတယ် ။

သွေးတိုးရောဂါမှာ အုပ်စု ၃ ခုရှိပါတယ် ။ အများဆုံးက ဘာလက္ခဏာမှ မရှိတာ။ ဘာမှကို မရှိတာပါ ။ နောက်တစ်ခု ရှိမှန်း သိတယ်။ ဘာမှ မခံစားရဘူး။ မတိုင်းဘူး။ ဆေးမသောက်ဘူး။ ဘယ်တော့မှ သွားသိလဲ ဆိုရင် လေဖြတ်မှ သွားသိတယ်။ တစ်ချို့ဆို အသက်တောင် မမှီတော့ဘူး နှလုံးသွေးကြော ပိတ်ပြီးမှ သွားသိ တယ်။ ဒါက အုပ်စု တစ်ခုဖြစ်ပါတယ်။ ဒုတိယ အုပ်စုကတော့ ရောဂါလက္ခဏာ ခံစားရတာ ၊ ခံစားတယ်ဆိုတဲ့ နေရာမှာလည်း ၂ပိုင်း ပြန်ခွဲလို့ရပါတယ်။ မရေရာမသေချာသော လက္ခဏာများလို့ခေါ်ပါတယ်။ ခေါင်းကိုက် တယ် ၊ ဇက်ကြော ထိုးတယ် ၊ ဒီနေ့တော့ နုန်းနေတာပဲ ဆိုတဲ့ဟာက တစ်မျိုး ။ နောက် တတိယတစ်မျိုးက သွေးတိုးရဲ့ နောက်ဆက်တွဲတွေကြောင့် ဖြစ်တဲ့ဟာတွေပဲ ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတဲ့ ခံစားမှုရှိ တယ်။ လေဖျန်းသလို ခံစားရတယ်။ ဒါတွေက သွေးတိုးရှိတဲ့ နောက်ဆက်တွဲတွေဖြစ်ပါတယ်။ ပြီးတော့ ခံစား ရတယ်။

သွေးတိုးရောဂါကိုကုသတယ်ဆိုတာ သွေးတိုးရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ ဦးနှောက်ကိုထိတဲ့ လေဖြတ်ခြင်း ဆိုတဲ့ ရောဂါ ၊ နှလုံးသွေးကြောကျဉ်းပြီး နှလုံးသွေးကြောပိတ်ခြင်းဆိိုတဲ့ ရောဂါ ၊ သွေးတိုးကြောင့်ကျောက်ကပ် ကို ထိပြီး ကျောက်ကပ်ပျက်စီးခြင်းဆိုတဲ့ ရောဂါ ။ နောက်ဆုံးတစ်ခုက မျက်စိမှာ ရှိတဲ့ သွေးကြောတွေကို ထိပြီး တော့  မျက်စိတော့ သိပ်မကွယ်ပါဘူး။ အဓိက လေးခုထဲမှာ သုံးခုကို ကြောက်လို့ ကုသတာပဲဖြစ်ပါတယ် ။ သွေးတိုးကို ကုသမယ်ဆိုရင် အထက်ပါရောဂါတွေကို သေချာပေါက် ကာကွယ်နိုင်တယ်လို့ပဲ ပြောရမှာဖြစ် ပါတယ် ။ သွေးတိုးကို   ကောင်းကောင်း ထိန်းပေးလေလေ အထက်ပါရောဂါတွေကို ကာကွယ်လေလေပဲ ဖြစ်ပါ တယ်။လေဖြတ်တယ်ဆိုရင် အကြောင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဝတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဆီးချိုရှိတာ၊ အဆီများတာတွေ ကြောင့်ပဲဖြစ်ပါတယ် ။ သွေးတိုးရဲ့ အကျိုးသက်ရောက်မှုဟာ သူ့အပေါ် သွားပြပါတယ်။ အလားတူပဲ နှလုံးသွေးကြောပိတ်တာလည်း ဒီပုံစံပဲဖြစ်ပါတယ် ။ အချုပ်ပြောရရင် တော့ ဆက်စပ်မှုရှိလားဆိုရင် သူတို့သည် သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ   ပြဿနာများ ဖြစ်ပါတယ်။   သွေးတိုးရဲ့ နောက်ဆက်တွဲ ဆိုတဲ့ နေရာမှာလည်း သူတို့ရဲ့ ဆိုးရွားမှုက သွေးပေါင်ချိန် ကောင်းကောင်း ချိန်ခြင်း မချိန်ခြင်း၊ သွေးပေါင်ချိန်တက်နေတာ ဘယ်လောက်ကြာမြင့်ပြီလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ နောက်ဆက်တွဲတွေ ဝင်လာခြင်း ဖြစ်ပါတယ်။

အခြေခံအားဖြင့် အုပ်စုနှစ်စုရှိပါတယ်၊ ကိုယ်ထဲမှာအခံရောဂါတစ်ခုရှိလို့ ဖြစ်လာတဲ့ သွေးတိုးဆိုတာ ရယ် ၊ နောက်တစ်ခုက သွေးတိုးစဖြစ်တာ ဖြစ်တဲ့ဟာက ၉၀ ရာခိုင်နှုန်းရှိပါတယ်။သွေးတိုးတဲ့အခါ စဖြစ်တဲ့ဟာ ကို စဉ်းစားပါတယ်။ တစ်အချက်ကတော့ မျိုးရိုးဗီဇပဲဖြစ်ပါတယ် ။ နောက်တစ်ခုကတော့ လူနေမှုပုံစံ ဖြစ်တဲ့ ကျန်းမာသောလူနေမှုပုံစံနဲ့ နေထိုင်ခြင်းမရှိလို့ဖြစ်ပါတယ် ။အဲဒါကို ကူးဆက်ခြင်း ကြောင့် မဟုတ်သော ရောဂါများလို့ ခေါ်ပါတယ် ။သွေးတိုးပါတယ် ၊ဆီးချို ၊ အဆီများ ၊ အဝလွန်တာ တွေ ပါ ပါတယ် ။ ချံု့ပြီးပြောရမယ်ဆိုရင် တစ်ခုက မျိုးရိုးဗီဇဖြစ်ပြီး နောက်တစ်ခုကတော့ လူနေမှုပုံစံပဲ ဖြစ်ပါ တယ် ။လူနေမှုပုံစံဆိုတာက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက် ၊ အနေအထိုင်၊ စိတ် နေ သဘောထားတွေပဲဖြစ်ပါတယ် ။ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ လွယ်လွယ်ပြောရရင် အဆီ တွေထဲမှာ တိရိစ္ဆာန်ဆီ ၊ စားအုန်းဆီ ၊ ကြက်ဥ ဘဲဥအနှစ်တွေနဲ့ ၀က်သားတွေကို ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါ တယ် ။

မြန်မာလူမျိုးဖြစ်တာကြောင့် ထမင်းကို အများကြီးမစားပဲ ၊ လိုအပ််သလောက် အတိုင်းအဆနဲ့ စားရပါ မယ် ။ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေ များများစားရပါမယ် ။ အရက်ကိုရှောင်ကြဉ်ရပါမယ် ။ လူနေမှုပုံစံထဲမှာ လေ့ကျင့်ခန်းလုပ်တာလည်းပါမယ် ၊ နေ့စဉ်ပုံမှန်သတ်မှတ်ပြီးတော့ အချိန်မှန်မှန် အခြေခံကျကျ တစ်ကိုယ်လုံးပါသွားအောင် လှုပ်ရှားမှုလုပ်တာကို Exercise လို့ခေါ်ပါတယ်။ မနက်ကို ထပြီးတော့ ၄၅ မိနစ်လောက်လျှောက်ပေးရပါမယ် ။ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးရပါမယ် ။ နောက် အရေးကြီးတာကတော့ ဆေးလိပ်ပဲဖြစ်ပါတယ် ၊ ဆေးလိပ်ဟာ သွေးတိုးရော ၊ဆီးချို နဲ့ရော နှလုံးသွေးကြောနဲ့ရော ဆိုင်ပါတယ် ။ လောဘ ၊ ဒေါသ ၊ မောဟ တွေ အပြိုင်အဆိုင်တွေ ကလည်း သွေးတိုးစေတဲ့အကြောင်းအရာထဲပါ၀င်နေလို့ နည်းပါးအောင်လုပ်ရပါမယ် ၊ လုပ်တဲ့နည်းတွေလည်းရှိ ပါတယ်။

မျိုးရိုးဗီဇကြောင့် သွေးတိုးရှိပေမယ့် သူ့ကိုဖယ်ရှားလို့ရပါတယ် ၊ အဖေကဆီးချိုရှိတယ်၊ အမှန်ကတော့ သူမဆင်မခြင်စားလို့ဖြစ်တာ။ အဖေရှိတာကနည်းနည်း၊ သူစားတာက များများဆိုတော့ သွေးတိုးကို ထိန်းမရတော့တာပဲ ဖြစ်တာပါ ။နောက်တစ်ခုက အငန်ပဲဖြစ်ပါတယ် ၊ ဆေးပညာအရ Sodium Chloride လို့ခေါ်ပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာလိုအပ်ချက်က လက်ဖက်ရည်ဇွန်း တစ်ဇွန်း စာ လောက်လိုပါတယ်။ လျှာပေါ်ကိုတင်လိုက်ရင် ငန်တယ်ဆိုတာ မြင်နိုင်တဲ့ ဆားလို့ခေါ်ပါတယ် ။ မမြင်နိုင်တဲ့ ဆားတွေလည်းရှိပါသေးတယ်။ အသားထဲမှာပါတဲ့ဆားရှိတယ်။ ဟင်းသီးဟင်းရွက်ထဲမှာ ပါတဲ့ ဆားရှိတယ်။ ဒါတွေကိုပါ ထည့်တွက်ရင် ဒီထက်ပိုပါတယ်။  WHO ရဲ့ သတ်မှတ်ချက်က လူတစ်ယောက်ရဲ့ အစားသင့်ဆုံးသောဆားပမာဏမှာ(၀.၅)ဂရမ်ဖြစ်ပါတယ်။မြန်မာတွေဘယ်လောက် စားနေသလဲဆိုရင် ၂၀၀၄ ခုနှစ်လောက်က (၈.၅ )ဂရမ်လို့သိရပါတယ်။အငန်တွေထဲမှာ ကြာရှည်ခံ အောင် လုပ်ထားတဲ့ ဝက်အူချောင်းတို့၊ ဆတ်သားခြောက်တို့၊ ကတက်ချဉ်တို့၊ ကင်ချီတို့လည်း ပါ ပါ တယ် ။

သွေးတိုးရောဂါကလုံးဝပျောက်ကင်းနိုင်သလားလို့ မေးလို့ရှိရင်တော့ ယေဘုယျသဘောဖြေမယ်ဆိုရင် လုံးဝမပျောက်ကင်းဘူးလို့ဘဲ ဖြေရပါမယ် ။ သွေးကျအောင် ထိန်းရပါမယ် ၊ ဘယ်လောက်ထိထိန်းရ မလည်းဆိုရင် တစ်သက်လုံးထိန်းရပါမယ်။ ကျန်းမာအောင် စားသောက်ရမယ်၊ နေထိုင်ရမယ် ၊ဆေးကို ပုံမှန်သောက်မယ်ဆိုရင်၊ သွေးပေါင်ချိန်က ၁၄၀၊ ၉၀ အောက်ရောက်အောင်ထိန်းမယ်ဆိုရင်တော့   သွေးတိုးရောဂါဟာ ကြောက်စရာမဟုတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ။  နောက်တစ်ခုကကျေက်ကပ် ကို သွားနေတဲ့ သွေးကြောကကျဉ်းနေလို့ သွေးတိုးတာကိုအဲဒီကျောက်ကပ်   သွေးကြောကိုချဲ့လိုက်ရင် သွေးပေါင်ချိန် ကျသွားတယ်။ ပျောက်သွားတယ်၊ တစ်ချို့ကျတော့ ဟော်မုန်းထွက်တာတွေ များပြီး တော့ သွေးတိုးတာတွေရှိပါတယ်။ ကျောက်ကပ်အပေါ်မှာ အကြိတ်ကလေးရှိတယ်။  အဲဒီအထဲကဓာတ် တွေ ထွက်လို့ရှိရင်လည်း သွေးတိုးတယ်။ ဆေးပညာကမှန်းလို့ရပါတယ်၊ စစ်လို့ရပါတယ်၊ သက်သေပြ လို့လည်းရပါတယ်။ အဲဒီအလုံးလေးကိုဖယ်ထုတ်လိုက်ရင် ပျောက်သွားပါတယ်။ ယေဘုယျသဘော ဖြေမယ်ဆိုရင် လုံးဝမပျောက်ကင်းဘူးဆိုတာကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ တစ်သက်လုံးဆေးသောက်တယ် ၊အနေအထိုင်ဆင်ခြင်တယ် ဆိုရင်တော့ပျောက်ကင်းနိုင်တာရှားရှား ပါးပါးရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဆရာဝန်ကထင်တာကို ဆက်ပြီးရှာပြီးတော့ ပျောက်အောင် ကုသ ပေးပါလိမ့်မယ်။ သွေးကျဆေးတွေဟာ သွေးပေါင်ချိန်ကို် ကျစေတဲ့အတွက်ကြောင့် သွေးတိုးရဲ့ နောက်ဆက်တွဲတွေကို ကာကွယ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ဒီသွေးတိုးကျဆေးတွေဟာ ရေတို ရေရှည် ပြဿနာတွေ ရှိနိုင်လားလို့ သုံးသပ်ပြီးမှ ထုတ်တဲ့ဆေးဖြစ်တဲ့တာကြောင့် ယုံကြည် စိတ်ချစွာသုံးလို့ရပါတယ်။ သွေးတိုးကျဆေးကို နှစ်ပေါင်းများစွာတစ်သက်လုံးမှန်မှန်သောက်သင့်ပါ တယ် ၊  တကယ်လို့ ဘေးထွက်ဆိုးကျိုး ဖြစ်တယ်ဆိုရင်၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ကဆေးတွေ ပြောင်းသင့်ရင်ပြောင်းပေးမယ် ၊ လျော့သင့်ရင်လျော့ပေးမယ် ၊ ဆေးကြောင့်လားဆိုတာ ရှင်းပြပါလိမ့် မယ်။                                                                                                          သွေးတိုးဟာ ဘယ်သူတွေ ဖြစ်သလဲဆိုတာနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင် ၊ အသက် ၆၀ ကျော် လူ ၁၀၀ မှာ ၅၀ က သွေးတိုးရှိတယ်။ အသက် ရ၀ ကျော်မှာ ရ၀ လောက် သွေးတိုးဖြစ်နေပြီ။ အဓိပ္ပာယ်က အသက်ကြီးလေ လေ သွေးတိုးလေလေပဲဖြစ်ပါတယ် ။ ၁၄၀-၉၀ ကနေ ၁၆၀- ၁၀၀ လောက်ဆိုရင် သာမန်လို့ သတ်မှတ်တယ်။ ၁၈၀ အထက်ဆိုရင် အဆိုးဖြစ်ပါတယ်။ အဲဒီသွေးတိုးနဲ့ ဘာတွေတွဲနေလဲဆိုတာကို ကြည့်ပါတယ်၊ ဝသလား၊ ဆေးလိပ်သောက်သလား ၊အဆီစားသလား ၊ကျန်းမာရေးနဲ့ မညီညွတ်ဘူးလား ၊ ဆီးချို ရှိသလား ၊ခန္ဓာကိုယ်ကို ဘယ်လောက် ဖျက်ဆီးထားပြီးပြီလည်း ၊နှလုံးသွေးကြော ပိတ်ဘူးလား။ လေငန်းဖြတ်ဘူးလား၊ ကျောက်ကပ် ထိနေပြီလားဆိုတာကြည့်ပါတယ် ။ဒါတွေကိုကြည့်ပြီး ဘယ်လောက်ဆိုးနေပြီလဲလို့ သတ်မှတ်လို့ မရပေမယ့် ဒီလောက်တက်ရင်တော့ ဆိုးတဲ့အထဲ ထည့်ဖို့ သေချာသွားပါတယ်။ အဲဒီလိုဆိုရင်တော့ သွေးပေါင်ချိန်ကို မရ ရအောင် ချရမှာ ဖြစ်ပါတယ်။ ၁၄၀-၉၀ အောက် ရောက်အောင်ချပေးရပါမယ် ။

နောက် . .အငန်တွေစား မစား ၊ လေ့ကျင့်ခန်းပုံမှန်လုပ် မလုပ် ၊ ဆေးသောက်တာ မှန် မမှန် ၊ သောက်နေတဲ့ ဆေး ကကိုယ်နဲ့ သင့်တော်တဲ့ဆေး ဟုတ် မဟုတ် ၊ ရောဂါအခံရှိ မရှိ ဆိုတာတွေကိုလည်း စစ်ဆေးရပါမယ် ။ နောက်တစ်ခုက ပုံမှန် သွားလာလို့ရနေတယ် ၊ သွေးတိုးလက္ခဏာက မပြဘူး ၊ တချို့ကထိပ်အထိ တက်ပြီး ဘာမှမဖြစ်ဘဲ  နှလုံးသွေးကြောကဖြစ်တော့မှ သိတော့တယ် ။အဲဒီတော့ သွေးဝုန်းကနဲ မတက်အောင် ပုံမှန် သွေးချိန်ပေးရပါမယ် ။ သွေးတိုးရှိ မရှိ ဆိုတာ အသိနိုင်ဆုံးကတော့ သွေးပေါင်ချိန်တိုင်းကရိယာနဲ့သွေးချိန် ကြည့်တာပဲ ဖြစ်ပါ တယ်။ သွေးတိုးရောဂါမရှိတဲ့ အိမ်မှာလည်း သွေးပေါင်ချိန်ကရိယာ ရှိသင့်ပါတယ်။ သွေးတိုး လူနာရှိတဲ့ အိမ်မှာဆို ပိုတောင် ရှိသင့်ပါတယ်။ သွေးတိုးရှိတဲ့သူကလည်း နေ့စဉ် နေ့ရောညပါ အချိန်မရွေး အလွယ်တကူ တိုင်းပြီး မှတ်ထားဖို့ လိုအပ်ပါတယ် ။ သွေးပေါင်ချိန်တဲ့အခါ တည့်တည့်ထိုင်ရပါမယ်။ စကား မပြောရပါဘူး။ ကော်ဖီ လက်ဖက်ရည်တွေ ကြိုပြီးတော့ မသောက်ထားရပါဘူး။ အသက်ကို ပုံမှန်ရှူပြီး စနစ်တကျတိုင်းရမှာဖြစ်ကြောင်းနဲ့ နိုင်ငံသူ နိုင်ငံသားများ သွေးတိုးရောဂါမှ အချိန်မှီ ရှောင်ရှားနိုင်ပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ။       ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly