သင့်ရဲ့သွားပွတ်တံဟာ သင်ထင်ထားသလို သန့်ရှင်းပါသလား

သင့်ရဲ့သွားပွတ်တံဟာ သင်ထင်ထားသလို သန့်ရှင်းပါသလား

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

သွားပွတ်တံအကြောင်းပြောပြီဆိုရင် သင့်ရဲ့အတွေးထဲမှာပထမဆုံးဝင်လာတဲ့အတွေးစက ဘာများဖြစ်မလဲ။ သင့်ရဲ့သွားတွေကိုသန့်ရှင်းကျန်းမာအောင်ပြုလုပ်ပေးတဲ့ အသုံးဝင်လှတဲ့အသုံးအဆောင် ၁ခုလိုထင်မြင်ကြမှာပါ။ နေ့စဉ်နှင့်အမျှအသုံးပြုနေပြီး သွားတိုက်ဆေးနှင့် အမြဲထိတွေ့နေရတဲ့အတွက် သင်ဟာသွားပွတ်တံကို အိမ်မှာအသန့်ရှင်းဆုံး အသုံးအဆောင်ပစ္စည်းလို့ ယူဆကြမှာပါ။ ဒီလိုအတွေးတွေရှိတဲ့သူများ မိမိကိုယ်ကို အားတင်းထားပါ။ဘာကြောင့်လဲဆိုတော့ သင့်ရဲ့သွားပွတ်တံဟာ သင်ထင်ထားသလောက် မသန့်ရှင်းလို့ပါ။

သင့်ရဲ့သွားပွတ်တံထဲမှာ သန်းပေါင်းများစွာသော ဘက်တီးရီးယားပိုးမွှားများရှိနေပါတယ်။
သင်ယုံကြည်မယ်မထင်ပေမယ့် သင့်ရဲ့သွားပွတ်တံဟာ ဘက်တီးရီးယားပေါင်းများစွာရဲ့ နေအိမ်ဖြစ််နေပါ တယ်။
• သွားကြွေလွှာများကိုပျက်စီးစေတဲ့၊ သွားပိုးစားစေတဲ့ Mutans Streptococcus
• ၀မ်းသွားခြင်းကို အဓိကဖြစ်စေတဲ့ E.Coli
• လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့ Beta-haemolytic Streptococcus
• ကျင်ကြီး (သင့်ရဲ့အိမ်သာအဖုံးကိုဖွင့်ထားမယ်ဆိုရင် လေထဲရှိအမှုန်အမွှားများထဲတွင် ကျင်ကြီးခြောက်များပါလာ နိုင်ပြီးသင့်သွားပွတ်တံမှာကပ်ညှိနေနိုင်ပါတယ်။)
• အရေပြားကူးစက်ရောဂါများဖြစ်စေတဲ့ Staphylococci
• သွားဖုံးရောဂါဖြစ်စေတဲ့ Porphy-romonasgingivalis
• အနီကွက်၊ အာသားခြောက်ခြင်း၊ ဗောက်နှင့်ပွေးများကို ဖြစ်စေတဲ့ Condidaalbicons
• ရေယုန်ပေါက်ခြင်းကို ဖြစ်စေတဲ့ Herpes simplex
• အသည်းရောင်အသားဝါ A,B,C ပိုးများအစရှိတဲ့ ပိုးမွှားများရှိနေနိုင်ပါတယ်။

သင့်သွားပွတ်တံဟာ လွယ်လင့်တကူ ညစ်ညမ်းစေနိုင်ပါတယ်။

လက်ဆေးကန် (သို့) မျက်နှာသစ်ကန်
သင့်လက်ကို ရေဆေးတဲ့အခါမှာ လက်မှာရှိနေတဲ့ အရည်ဟာ သင့်သွားပွတ်တံကို စင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် သင်သန့်ရှင်းစေလိုတဲ့ သင့်လက်ပေါ်မှ ဘက်တီးရီးယားပိုးမွှားဟာ သင့်ရဲ့ခံတွင်းထဲကို ပြန်ပို့ပေးနေသလို ဖြစ်တတ်ပါတယ်။

အိမ်သာ
သင့်အိမ်သာအဖုံးကို ဖွင့်လျက်ထားပြီး ရေဆွဲချတဲ့အခါ အိမ်သာတွင်း ရေမှုန်ရေမွှားနှင့်ကပ်ပါလာတဲ့အတွက် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးမွှားများဟာ လေထဲကတစ်ဆင့် ရေချိုးခန်းတစ်ခုလုံးရဲ့ မျက်နှာပြင်အနှံ့ရောက်ရှိနိုင်ပါတယ်။ အကယ်၍များ သင့်သွားပွတ်တံကို ရေချိုးခန်းကြမ်းပြင်ပေါ်ကျမိသွားရင် သင့်ရဲ့ခြေထောက်ကိုတိုက်ပေးမိသလို ဖြစ်သွားနိုင်ပါတယ်။

သွားပွတ်တံကို သန့်ရှင်းအောင် ဘယ်လိုထားရမလဲ။

ပလစ်စတစ်ခွက်များ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
သင့်သွားပွတ်တံကို လေလုံတဲ့ဘူးထဲမှာထည့်ထားရင် ခြောက်သွေ့မှုမရှိတော့ဘဲ မှိုကပ်စွဲခြင်းကို အားပေးစေနိုင်ပါတယ်။ ပိုဆိုးစေတဲ့အရာကတော့ သင့်အိမ်သားတွေရဲ့ သွားပွတ်တံနှင့် အတူရောထားတဲ့အခါ အထူးသဖြင့် သွားပွတ်တံခေါင်းအချင်းချင်း ထိတွေ့တဲ့အခါတွေမှာသွားပွတ်တံ ၁ ချောင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာနောက်သွားပွတ်တံ ၁ ချောင်းစီကို ကူးသွားနိုင်ပါတယ်။ အထူးသဖြင့် သင့်မိသားစုဝင် ၁ ယောက်ယောက် ဖျားနာနေပြီဆိုရင် ကူးစက်သွားနိုင်ပါတယ်။

မှန်ကန်တဲ့ သွားတိုက်ဆေးကိုရွေးချယ်အသုံးပြုပါ။
Tricloson (သို့) Copolymer ပါတဲ့ သွားတိုက်ဆေးဟာ ပုံမှန် Fluorideသာပါတဲ့ သွားတိုက်ဆေးထက် ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့အတွက် ပိုမိုကောင်းမွန်ပြီး သင့်သွားပွတ်တံကိုလည်း ပိုးမွှားကင်းစင်စေနိုင်ပါတယ်။

သင့်သွားပွတ်တံကို အခြားသူများအား ပေးအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။
သင့်မိသားစုဝင်ဖြစ်နေရင်တောင် သင့်သွားပွတ်တံကို အတူတကွအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ ဒီလိုအသုံးပြုခြင်းဟာ ဘက်တီးရီးယားပိုးမွှားများကို အလွယ်တကူပျံ့လွင့်စေနိုင်ပါတယ်။

သင့်သွားပွတ်တံကိုသန့်ရှင်းစင်ကြယ်စွာထားပါ။
သင့်သွားပွတ်တံကို Hydrogen peroxide (သို့) ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့ ပလုတ်ကျင်းဆေးထဲမှာစိမ်ထားပါ။ အထူးသဖြင့် သွားပွတ်တံကို ရေချိုးခန်းကြမ်းပြင်ပေါ် ပြုတ်ကျတဲ့အချိန်ဆိုပိုလုပ်သင့်ပါတယ်။ လျှပ်စစ် သွားပွတ်တံကိုလည်း သေသေချာချာအသုံးပြုပြီး သန့်သန့်ရှင်းရှင်းထားပါ။

အိမ်သာအဖုံးကိုလုံအောင်ဖုံးထားပါ။
ဘက်တီးရီးယားပိုးမွှားများလေထဲတွင် ပျံ့လွင့်ခြင်းမရှိအောင် အိမ်သာအဖုံးကိုလုံအောင်ဖုံထားပါ။

သွားပွတ်တံအသစ်ဝယ်ပါ။
သွားပွတ်တံကို (၃) လ (သို့) (၄) လ (၁) ကြိမ် (သို့) သွားပွတ်မွေးလေးများဖွာနေတဲ့အချိန်တွေမှာ အသစ်လဲဖို့ မမေ့ပါနှင့်။ ဘက်တီးရီးယားပိုးမွှားများ ဖယ်ရှားပေးနိုင်တဲ့ အရည်အသွေးကောင်းမွန်တဲ့ သွားပွတ်တံကိုရွေးချယ်အသုံးပြုပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly