မြိုင်မြိုင်ဆိုင်ဆိုင် လော်စပီကာ တန်ဆောင်တိုင်

မြိုင်မြိုင်ဆိုင်ဆိုင် လော်စပီကာ တန်ဆောင်တိုင်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

အလှူကာလတွေဖြစ်တဲ့ သီတင်းကျွတ် တန်ဆောင်တိုင်ကာလမှာတော့ မြိုင်မြိုင်ဆိုင်ဆိုင် ကြားရတာကတော့ လော်စပီကာသံပါပဲ။

ဘာသာရေးအတွက် အလှူခံကြ ၊ လှူကြတန်းကြတာ ဖြစ်လို့ ဘာသာရေးနဲ့ ဆက်နွှယ်နေတယ်ဆိုပေမယ့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ အများစုက ပြောဆိုကြပါတယ်။ ဒီလို ဆူညံတာဟာ ဘာသာရေးကို အကြောင်းပြ ဆူညံတာလား၊ ဘာသာရေးဟာ လော်စပီကာနဲ့ ဆက်နွှယ်နေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

တစ်ချို့ကလည်း မြန်မာ့ယဉ်ကျေးမှုဓလေ့ လို့ ပြန်လှန်ပြောကြပါတယ်။ တစ်ချို့ကလည်း ဒါဟာ  ဘာသာရေးပါ လို့ ပြောကြပါတယ်။ ဒါဟာ ပြဿနာ မဟုတ်သေးပါဘူး။

ပြဿနာက လော်စပီကာ စပါတယ်။ အသံချဲ့စက်ဖွင့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်တောင်းရတာ ရော၊ အသံချဲ့စက်ဥပဒေရှိတယ်ဆိုတာရော သိသူ နည်းပါးနေပါသေးတယ်။

အသံချဲ့စက်ဖွင့်ခြင်းနှင့် ပတ်သက်ပြီး ၊ ရပ်ကွက်(သို့) ကျေးရွာ အုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ (၁၄) ပုဒ်မခွဲ(ဂ) ပါ ပြဌာန်းထားရှိထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာတရားရုံးများ တွင် တရားစွဲဆိုနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီနှစ် သြဂုတ်လ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းဝေးတွင် ပြောခဲ့ပါတယ်။

“အသံချဲ့စက် ဖွင့်လှစ်ခွင့်ရရှိသူဟာ အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာ အတွင်း အများပြည်သူ ကြားသိရုံသာ ဖွင့်လှစ်ခြင်း၊ ယေဘုယျအားဖြင့် ၊ အသံလှိုင်းဖိအားကို ကျင်းပသည့် အခမ်းအနားပေါ်မူတည်ပြီး Sound Level သတ်မှတ်ထိန်းချုပ်ဖွင့်လှစ်ရန်နှင့် အသံချဲ့စက်ဖွင့်ရန် သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခြင်းမပြုပါက ဥပဒေပုဒ်မ (၂၇)ဖြင့် သက်ဆိုင်ရာ တရားရုံးများမှာ တရားစွဲတင်ဆောင်ရွက်နိုင်သည်” လို့ ဥပဒေတွင် ပါရှိပါတယ်။

အသံချဲ့စက်များဖွင့်ရာတွင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျပ် ၅၀၀၀ ထက် မပိုသော ဒဏ်ငွေချမှတ်ရမည် ဖြစ်ပြီး ၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ( ရ )ရက်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည်ဟု အဆိုပါ ဥပဒေတွင် ပြဌာန်းထားပါတယ်။

အသံချဲ့စက် ဖွင့်လှစ်မည်ဆိုပါက “ ရပ်ကွက် (သို့ )ကျေးရွာ အုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ပုဒ်မ (၁၄) ပုဒ်မခွဲ (ဂ) အရ အသံချဲ့စက် ဖွင့်လှစ်မယ့် ကာယကံရှင်က ဖြစ်စေ အဖွဲ့ အစည်းက ဖြစ်စေ အသံချဲ့စက် ငှားရမ်းသူ ပိုင်ရှင်ကဖြစ်စေ အကျိုးအကြောင်းနှင့် အသံချဲ့စက် ဖွင့်လိုသည့် ရက်နှင့် အချိန်ကို ဖော်ပြပြီး အနည်းဆုံး သုံးရက် ကြိုတင်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လျှောက်ထားရမည်” လို့ ဥပဒေ မှာ ပြဌာန်းထားပါတယ်။

ပုဇွန်တောင်မြို့နယ်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ “ လက်ရှိမှာတော့ ခွင့်တောင်းပြီး အသံချဲ့စက် ဖွင့်တဲ့သူ မရှိသေးပါဘူး။ ရပ်ကွက်ထဲက အသေးတွေဆိုတော့ သိပ်မညံပါဘူး။ ဆူညံတာကတော့ ဖြတ်သွား ဖြတ်လာအလှူခံတွေကတော့ ပိုပြီးတော့ ကျယ်တယ်။ ဖြတ်သွားဖြတ်လာ အလှူခံတွေကြတော့ တိုင်းရုံးက ခွင့်ပြုချက်နဲ့ သွားတာ။ မနှစ်ကတော့ ဟိန္ဒူဘာသာရေးအဖွဲ့ လှည့်လည်တာ ဆူညံလို့ သတိပေး တယ်။ နောက်တစ်ခေါက်ကြတော့ သတိပေးရုံနဲ့မရလို့ ဖမ်းဆီးအရေးယူတယ်” လို့ အောက်တိုဘာလ ၃၀ ရက် မှာ မဇ္ဈိမသို့ ပြောပါတယ်။ 

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ် အတော်များများမှာ (ရှစ်လုံးတပ် လော်စပီကာ Loud Speaker) နှင့် တွဲလျက် (Sound Box)အလုံးကြီးများ စည်းကမ်းမဲ့စွာ ဖွင့်လှစ်နေကြသလို တစ်ချို့ကတော့ အသံမဆူဘဲ အေးဆေးစွာ အသံချဲ့စက်ဖွင့် အလှူခံနေကြသူများလည်း ရှိပါတယ်။

"တည်တည်ငြိမ်ငြိမ်လေးပဲ ရှိတယ်။အရမ်းကြီးကို အော်ကြီးဟစ်ကျယ်လည်း မရှိဘူး။ သူများတကာတွေကို နှောင့်ယှက်တဲ့အသံလည်း မရှိဘူး။အတိုင်းအတာတစ်ခုလောက်ပဲ ရှိပါတယ်" လို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်တဲ့ ကိုတင်အောင်လှိုင်က ပြောပါတယ်။

လော်စပီကာ ဖွင့်လို့ အသံချဲ့စက်ဥပဒေနှင့် အရေးယူဖို့ အသာထား၊ ဒီရက်ပိုင်းအတွင်းမှာပဲ လောစပီကာသံ ညံလို့ လာရောက်တားမြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ပြန်လှန်ထိုးကြိတ်တယ် ဆိုတဲ့ သတင်းပါပဲ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ည ၁၁း၄၀ အချိန် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် မြရိပ်ညို(၅)လမ်းထောင့်ရှိ ဘုံကထိန်အလှူခံမဏ္ဍာပ်တွင် အသံချဲစက်များ ဆူညံစွာဖွင့်လှစ်၍ ကျော်ဇင်လေး ပါ လူငယ် ၃၀ ဦးခန့် ကခုန်ပြီး ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က  သွားရောက် တားမြစ်ခဲ့သော်လည်း ဆက်လက်ကခုန်နေခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန် ထားပါတယ်။

ဒါကြောင့် ရပ်ကွက်နယ်ထိန်း ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်း၊ ရဲတပ်သား ကြည်ဖြိုးကြည်နဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့က  ထပ်မံ သွားရောက်တားမြစ်ခဲ့ရာ ကျော်ဇင်လေးမှ ရဲဒုတပ်ကြပ်ထက်ပိုင်ဝင်းအား လက်သီးဖြင့် ထိုးခဲ့သဖြင့် ရဲဒုတပ်ကြပ်ထက်ပိုင်ဝင်းက ပန့်အက်ရှင် သေနတ်ဖြင့် လူစုခွဲရန် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ခဲ့ပါ တယ်။ ဒါပေမယ့်လည်း ကျော်ဇင်လေးနှင့်အတူ လူငယ် ၃၀ ဦးအဖွဲ့က ထပ်မံရန်ပြုရန် ၀ုိင်းအုံလာသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျော်ဇင်လေး အပါအဝင် ၁၂ ဦး အား ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ ပါတယ်။

မနှစ်က မန္တလေးမှာ  နိုင်ငံခြားသားတစ်ဦး ရပ်ကွက်က အသံချဲ့စက်ကို ၀င်ရောက်ဖြုတ်ရာ ပြဿနာဖြစ်ပွားခဲ့ပြီး အဲဒီ နိုင်ငံခြားသားအား အရေးယူခဲ့ပါတယ်။

"အသံတွေက အကျယ်ကြီးဆိုတော့ ကလေးတွေလည်း အနှောင့်အယှက် ဖြစ်တယ်။ ကိုယ် စာပြန်သင် တော့ လည်း ဆူညံသံတွေကြောင့် ကလေးတွေ အနှောင့်အယှက်ဖြစ်တယ်။ကိုယ်လည်း အနှောင့်အယှက် ဖြစ်တယ်။ ကလေးတွေလည်း အနှောင့်အယှက်ဖြစ်တာပေ့ါ။ ခု နောက်ပိုင်းဆို ပိုဆိုးလာတယ်။ ဘုရား လှည့်တာပဲဖြစ်ဖြစ်၊ အလှူခံတာပဲဖြစ်ဖြစ်၊ ဆူညံသံတွေ အရမ်းများလာတယ်ဆိုတော့ သိပ်တော့ မကောင်းဘူးပေ့ါ" လို့ လူငယ် ကျူရှင်ဆရာတစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးနီးပါးဖြစ်နေတဲ့ ဘာသာရေး လူမှုရေးပွဲတော်တွေနဲ့ တချို့အခမ်းအနားတွေမှာ ပတ်ဝန်းကျင်ကို လွန်စွာ အနှောက်အယှက်ပြုတဲ့ ၊ အလွန်ကျယ်လောင်တဲ့ အသံချဲ့စက်များ ဖွင့်လှစ်ခြင်းကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် တင်ပြလိုက်ရပါတယ် ။   ။

အေးချမ်းခိုင် ၊ စိုးသူရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly