အမေရိကန်က ဆန်ရှင်ချမှတ်ရန် ရှိနေစဉ် ပဲ့ထိန်းဒုံးကျည်များ ဆက်လက်တည်ဆောက်သွားမည်ဟု အီရန်ပြော

အမေရိကန်က ဆန်ရှင်ချမှတ်ရန် ရှိနေစဉ် ပဲ့ထိန်းဒုံးကျည်များ ဆက်လက်တည်ဆောက်သွားမည်ဟု အီရန်ပြော

 

တီဟီရန်၊ အောက်တိုဘာ ၃၀ ။                     ။ အီရန်၏ ပဲ့ထိန်းဒုံးကျည်များကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်သစ်များ ချမှတ်ရန် အမေရိကန်က စိုင်းပြင်းလျက်ရှိနေစဉ် ပဲ့ထိန်းဒုံးကျည်များ တီထွင်ထုတ်လုပ်ခြင်း အပါအဝင် လက်နက်အင်အားအား အီရန်နိုင်ငံအနေဖြင့် ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောလိုက်သည်။

“ကျွန်တော်တို့ နိုင်ငံ၊ ပိုင်နက်ကို ကာကွယ်ဖို့ ကျွန်တော်တို့တွေ လိုအပ်တာအားလုံးကို တည်ဆောက်သွားရမှာပဲဖြစ်တယ်။”ဟု ပါလီမန်တွင် ရိုဟာနီက ပြောခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းက ထုတ်လွှင့်သည်။

မကြာသေးခင်က အီရန်၏ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကြောင့် အမေရိကန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်စရာ ဖြစ်လာစေပြီး အီရန်နှင့် အင်အားကြီးနိုင်ငံများကြားက ၂၀၁၅ နျူကလီးယားသဘောတူညီမှုကို ချိုးဖျက်ရာရောက်သည်ဟု စွပ်စွဲမှုများ ဖြစ်ပွားစေခဲ့သည်။

အီရန်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှနှင့် အမေရိကန်တို့ လက်မှတ်ရေးထိုးထားသော အဆိုပါ သဘောတူညီမှုသည် အီရန်က နျူကလီးယား လုပ်ဆောင်မှုများ ဖြတ်တောက်ခြင်းအတွက် ၎င်းအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းသည့် သမိုင်းဝင် သဘောတူညီမှု တစ်ရပ်ပဲဖြစ်သည်။

“ကျွန်တော်တို့ ပဲ့ထိန်းဒုံးတွေ တည်ဆောက်နေတယ်။ တီထွင်လက်စတွေလည်း ရှိထားတယ်။ ဆက်ပြီးတော့လည်း တီထွင်ထုတ်လုပ်သွားဦးမှာဖြစ်တယ်။ ဒါဟာ ဘယ်နိုင်ငံတကာစည်းမျဉ်းကိုမျှ မချိုးဖောက်သလို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၂၃၁ ကိုလည်း ချိုးဖျက်ရာ မရောက်ဘူး။”ဟု ရိုဟာနီက ပြောခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက် ၂၂၃၁ တွင် အီရန်အား နျူကလီးယားလက်နက် တင်ဆောင်စွမ်းသော ဒုံးကျည်များ မပစ်လွှတ်ရန် တားမြစ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required