မွန်ပြည်နယ်တွင် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွား

မွန်ပြည်နယ်တွင် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွား

မွန် ၊ အောက်တိုဘာ ၃၀ ။             ။ မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်တွင် အောင်တိုဘာလ ၃၀ ရက် နံနက် ၇ နာရီခန့်က  အငှားတက္ကစီမောင်းနှင်သူ အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းကြည်က ပြောသည်။

မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်ရှိ လမ်းကြားတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု  သတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့၊ ဒိုင်ဝန်းကွင်းရပ်နေ ကိုသန်းဇော်မိုးဖြစ်ပြီး သုံးဘီးယာဉ်အသင်းအဖွဲ့ဝင် အင်္ကျ ီဝတ်ဆင်ထား၍ ၎င်း၏ ညာဘက် ရင်အုံ၊ ဝမ်းဗိုက်၊ လည်ပင်းနှင့် လက်ဖျံတို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲစခန်းမှူးက ပြောဆိုသည်။

သေဆုံးသူ ကိုသန်းဇော်မိုး၏ အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေဆုံးသူ၌ ကျန်ရှိနေသည့် သဲလွန်စ သက်သေပစ္စည်းများကို သိမ်းဆည်း၍ လူသတ်သွားသူ ဖမ်းဆီးရမိရေးတွက်  စစ်ဆေးဆောင်ရွက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

"သေတဲ့သူက ဒီရပ်ကွက်ကလည်းမဟုတ်တော့ အရင်စုံစမ်းရတာပေါ့။ ခုက သေတဲ့သူကို သိရပြီးဆိုတော့ သတ်သွားတရားခံ အမြန်ဆုံးဖမ်းမိဖို့အတွက် ကျွန်တော်နဲ့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး လိုက်လံစုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်"ဟု ရဲအုပ်အောင်မင်းကြည်က ထပ်လောင် ပြောသည်။

သေဆုံးသူ ကိုသန်းဇော်မိုး အသတ်ခံရမှုနှင့် ပတ်သက်၍ မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး လူသတ်သွားသူကို ဖမ်းဆီးအရေးယူနိုင်ရန် စစ်ဆေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲစခန်းမှူးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly