ကျောင်းသားတပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ NCA ထိုးနိုင်ရန် ကြိုးပမ်းမည်

ကျောင်းသားတပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ NCA ထိုးနိုင်ရန် ကြိုးပမ်းမည်

သြဂုတ် ၁၈ ။         ။ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ် (NCA-Nationwide Ceasefire Agreement) ကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အတူတကွ လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် သြဂုတ် ၁၅-၁၇ ရက်ထိ ကျင်းပသည့် ၂၂ ဦးပါ ဗဟိုကော်မတီ အစည်းအဝေးမှ ထုတ်ပြန်ခြင်းဖြစ်သည်။

"NCA သည် စစ်ရေးပဋိပက္ခများ ရပ်တန့်စေရေးနှင့် အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ များ ဖြစ်ထွန်းလာစေရေးတို့အတွက် အစပျိုးမှုလမ်းကြောင်းအဖြစ် မှတ်ယူသည်။" ဟု ထုတ်ပြန်ချက် ကဆိုသည်။

အခြေအနေအရပ်ရပ်ကြောင့် NCA ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် အဖွဲ့အစည်းများအတွက်လည်း နိုင်ငံရေး၊ စစ်ရေး၊ အာမခံချက်ရရှိရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်၌ တန်းတူရည်တူ ဂုဏ်သိက္ခာ ရှိရှိ ပါဝင်နိုင်ရေးကို ABSDF က ကြိုးပမ်းသွားမည်။

၃ ရက်ကြာဗဟိုကော်မတီအစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စများ၊ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) သည် တိုင်းရင်းသားလူမျိုး တစ်ရပ်ရပ်၏ အရေးကိစ္စကို ကိုယ်စားပြုဖွဲ့စည်းတည်ထောင်ထားခြင်းမဟုတ်ပဲ ၁၉၈၈ ခု ဒီမိုကရေစီလူထုအုံကြွမှုကြီးမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေး၊ စစ်ရေးနည်းတို့ဖြင့် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

ကျောင်းသားတပ်မတော်ကို ၁၉၈၈ နိုဝင်ဘာ ၁ ရက်နေ့တွင် ကျောင်းသားပြည်သူများနှင့် စုပေါင်း ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly