​တောင်​သမန်​အင်​း​စောင်​းရှိ မယ်​ဇယ်​ပင်​များခုတ်​ယူမှု ​မြို့ခံများ​ဝေဖန်​

​တောင်​သမန်​အင်​း​စောင်​းရှိ မယ်​ဇယ်​ပင်​များခုတ်​ယူမှု ​မြို့ခံများ​ဝေဖန်​
(ဓာတ်ပုံ၊မောင်မောင်ဦး၊စိမ်းရောင်စို)

မန္တလေး၊ သြဂုတ် ၁၇ ။        ။ မန္တလေးမြို့ အမရပူရမြို့နယ်ရှိ နာမည်ကျော်  တောင်သမန်အင်းစောင်းရှိ မယ်ဇယ်ပင်များကို သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်များတွင် ခုတ်ယူနေခြင်းကို  မြို့ခံများက ဝေဖန်ကြ သည်။

အမရပူရမြို့ခံ ဦးဆန်းအောင် က ``တကယ် ဆိုရင် တောင်သမန် နဲ့ မယ်ဇယ်တန်းဆိုတာ ရှေးယခင်ကတည်း တွဲဖက်တည်ရှိနေတာ။ ဒီလိုမျိုး ခုတ်ပြစ်လိုက်တော့ မြို့ခံတစ်ယောက်အနေနဲ့ လက်ခံလို့ မရပါဘူး။ နောက်ပြီးသူတို့က မထိန်းသိမ်းတဲ့ အပြင်ပျက်စီးအောင် လုပ်ဆောင်နေတယ်လို့ ကျွန်တော်မြင်တယ်။´´ ဟု ပြောသည်။

အဆိုပါ မယ်ဇယ်ပင်ကိုင်းများ ခြောက်နေသောကြောင့် တောင်သမန်အင်းအနီးရှိ တောင်မင်း ကြီးဘုရားဂေါပက အဖွဲ့မှ ခုတ်ရန်အတွက် သြဂုတ် ၁၄ ရက်တွင် စည်ပင်သာယာအား စာတင်ခဲ့ပြီး စည်ပင်သာယာ ပန်းမန်ဌာန မှ လာရောက်ခုတ်ခြင်းဖြစ်ကြောင်း တောင်မင်းကြီးဘုရား ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းကဆိုသည်။

ယင်းသို့ ခုတ်ယူခြင်းနှင့် ပတ်သက်ပြီး  မန္တလေးမြို့ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ စိမ်းရောင်စို (Activities) မှ အတွင်း ရေးမှူး ဦးမောင်မောင်ဦးကလည်း ``မနေ့က ကျွန်တော်တို့ ကွင်းဆင်း ကြည့်ပြီးပါပြီ ကိုင်းခြောက်တွေတင်မဟုတ်ဘဲ အစိုတွေပါ ဖြတ်ချနေတာ တွေ့ရတယ်။  ဒီလို မယ်ဇယ်ပင်ကြီးဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပြီး ဂေါပက အဖွဲ့အနေနဲ့လည်း ဒီလိုလုပ်ဖို့မသင့်ဘူး။ တောင်သမန်ပတ်ဝန်းကျင်မှာ ဆိုင်ခန်းတွေဖွင့်ပြီး ငှားစားနေတာတောင် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေဖြစ်နေပြီ။´´ ဟု ပြောသည်။

ယင်းမယ်ဇယ်တန်း နှင့် တောင်သမန် ၊ ဦးပိန်တံတားအား ထိန်းသိမ်းရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အဖွဲ့များလည်းဖွဲ့ထားသည်။

တောင်မင်းကြီးဘုရား ဂေါပကအဖွဲ့ ဥက္ကဌ ဦးသန်းမြင့် က ``ကျွန်တော် တို့လည်း ရမ်းမခုတ်ရဲပါဘူး။ မနှစ်က သစ်ကိုင်းခြောက်ကျိုးကျတာ ကလေးတစ်ဦးသေတယ်။ နောက်ပြီး တံတားထိပ်က လက်ပံပင် ကိုင်းကျိုးကျတာ ဆိုင်ခန်း သုံးခန်း ပျက်စီးသွားတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သစ်ကိုင်းခြောက်တွေ ခုတ်ပြစ်ဖို့ရာ စည်ပင်သာယာကို စာတင်ခဲ့ပါတယ်။ ´´ ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required