မတ္တရာတွင် တစ်​ဦးတည်​းပိုင်​ လယ်​ ၁၄ ဧက​ကျော်​ ပြန်​ရ​ရေး ထွန်​တုံး တိုက်​ပွဲပြုလုပ်​

မတ္တရာတွင် တစ်​ဦးတည်​းပိုင်​ လယ်​ ၁၄ ဧက​ကျော်​ ပြန်​ရ​ရေး ထွန်​တုံး တိုက်​ပွဲပြုလုပ်​

မန္တလေး၊သြဂုတ် ၁၇ ။       ။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့အဝင် မောင်းတံအနီး ကွင်းအမှတ် ၂၂၅ မှ တစ်ဦးတည်းပိုင် လယ်မြေ ၁၄ ဧကကျော် ပြန်လည်ရရှိရေးအတွက် သြဂုတ် ၁၇ရက် နံနက် ၉ နာရီတွင် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သည်။

အဆိုပါလယ်မြေဧက ၁၄ ဧကကျော်အား ၁၉၇၄ - ၁၉၇၅ ခုနှစ်က စိုက်ပျိုးရေးသင်တန်းကြောင်းဖွင့်ရန် လည်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၄ ဧကကျော် နှင့် သမဝါယမဝန်ကြီး ဌာန မှ ၁၀ ဧက သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထွန်တုံးတိုက်ပွဲကို လယ်သိမ်းခံရသူ တောင်သူ၏ သမီးက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြုလုပ်ခဲ့သူ မလင်းလင်းထွေး က``  ကျွန်မတို့မှာ နေစရာလည်းမရှိ လုပ်ကိုင်စားသောက်စရာလည်း မရှိလို့ လယ်ကို ပြန်ရအောင် တစ်လကို စာနှစ်ကြိမ်လောက်တင်ပြီး တောင်းပါတယ်။ ဒါပေမယ့်မရပါဘူး။ ကျွန်မတို့ လုပ်ကိုင်စားသောက်ဖို့ရာအတွက် လယ်ကိုပြန်လိုချင်တယ်။  ဒါ့ကြောင့် ထွန်တုံးတိုက်ပွဲလုပ်ပြီး ပြန်ယူရတာပါ။´´ ဟု ပြောသည်။

၎င်းလယ်မြေ ၁၄ ဧကကျော်အား ပြန်လည်ရရှိရန် ၂၀၁၄ ခုနှစ် သြဂုတ်လထဲက ပထမအကြိမ်ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ရာ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ  နှစ်ဧကစွန့်လွှတ်ပေးခဲ့သည်။

မလင်းလင်းထွေး က  ``အဲဒီတုန် းကလည်း သမဝါယမက စွန့်လွှတ်မပေးဘူး။ သူတို့က လယ်တစ်ဧကကို စပါး ၁၅ တင်းနှုန်းနဲ့ အငှားချစား တယ်။ ကျွန်မတို့ကျတော့ လုပ်စရာဘာမှ မရှိဘူး။ ခုထွန်တုံး တိုက်ပွဲလုပ်ဖို့ရာအတွက်တောင် နွားမရှိလို့ သူများထွန်စက် ငှားပြီးထွန်နေရတာပါ။´´ ဟု ဆက်လက်ပြောသည်။

ယင်းထွန်ယက်ထားသည့်မြေပေါ်တွင် စပါးပြန်စိုက်သွားမည်ဖြစ်ကြောင်းလည်း မလင်းလင်းထွေးကဆိုသည်။

တောင်သူလယ်သမား အလုပ်သမား အရေးကူညီစောင့်ရွက်သူများအဖွဲ့ (FNIFL) မှ အလုပ်အမှုဆောင် ကိုမျိုးဝင်းက ``လယ် ကို စသိမ်းတုန်းကလည်း ၁၈၉၄ မြေသိမ်းဥပဒေနဲ့ အညီလျှော်ကြေးပေးတာ မရှိဘူး။ နောက်ပြီး ဥပဒေမှာ စီမံကိန်းအဖြစ်သိမ်းထားတဲ့ မြေကို ခြောက်လအတွင်း အကောင်အထည်မဖော်ရင် မြေပိုင်ရှင်ကို ပြန်ပေးရမယ်ဆိုတာပါတယ်။ ဒီလိုလုပ်နေတာ တောင်သူလယ်သမားတွေကို အလုပ်လက်မဲ့ဖြစ်စေတယ်။ တောင်သူက လယ်ဘဲစိုက်တက်တာ သူတို့မှာ လုပ်စားစရာလည်းမရှိဘူး။ ဒါကလုံးဝမဖြစ်သင့်ဘူး။´´ ဟု ပြောသည်။

မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာတွင်မူ ထွန်တုံးတိုက်ပွဲဝင်နေသည့်နှင့် ပတ်သက်၍ မသိသေးကြောင်း မဇ္ဈိမ ကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly