ဉာဏ်မမီတော့ ဟန်ပြီပေါ့

ဉာဏ်မမီတော့ ဟန်ပြီပေါ့

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်နဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးတဲ့ အနေနဲ့ပဲ ဝါဝင်ကာလမှာ အကျဉ်းသားအကျဉ်း သူ ၆,၉၆၆ ဦးတို့ကို သမ္မတကြီးက စေတနာမေတ္တာအပြည့်နဲ့ အကျဉ်းထောင်တွေက လွှတ်ပေးလိုက်ပြန် ပါပြီ။ခေါင်း စဉ်တွေကလှလည်းလှ စီးစီးပိုင်ပိုင်လည်း ရှိလှပါတယ်။ အရပ်သား အစိုးရရယ်လို့ ကိုယ့်ကိုယ်ကို ဝိဂြိုဟ်ပြု ခေါ်ဝေါ်လေ့ရှိတဲ့ အစိုးရသစ်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာ သက်သာခွင့် တွေပေးလေတိုင်း အဲဒီလိုပဲ ခေါင်းစဉ်တပ်လေ့ရှိတာ မောင်မှန် သတိထားမိပါတယ်။

ခက်တာက နိုင်ငံရေးခေါင်းစဉ်ကြီးကြီးတွေ တပ်ပြီးလွှတ်လိုက်ပေမယ့် နိုင်ငံရေးအကျဉ်းသား က လွတ်တဲ့အထဲ တစ်ရာခိုင်နှုန်းတောင် မပါတာဘဲ။ ဒါပေမယ့် ဒီလိုတော့ ရှိတာပေါ့ ခင်ဗျာ၊ ထောက် လှမ်းရေး အကြီးအကဲဟောင်းတွေအတွက် ရည်ရွယ်တဲ့ ခေါင်းစဉ်လည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဘယ်သိ နိုင်ပါ့မလဲ။ ဒါမှမဟုတ် ဇိနတိုင်းသား ကျွန်းချစ်သူများကို ရည်ညွန်းလေသလား၊ စဉ်းစားစရာပါ။ ဟုတ်တယ်လေ။ လွတ်လာကြတဲ့အထဲမှာ ထင်ရှားတာဆိုလို့ သူတို့ပဲ ရှိတာကိုး၊ သူတို့တွေကပဲ ထာဝရ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ကြတော့မှာလား မသိဘူး။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးဒိုင်တို့၊ ခါးပိုက်နှိုက်တို့၊ မျက်နှာမွဲသူခိုးတို့ကိုတော့ ခေါင်းစဉ်ကြီးကြီးတွေနဲ့ ရည်ညွန်းမယ်မထင်ပါဘူးနော်။ နိုင်ငံရေးအကျဉ်းသားက ထောင်ထဲမှာ မရှိတော့လို့ လွှတ်တဲ့ အထဲမပါတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဒီအကြောင်းက ဆက်မပြောတာပဲ ကောင်းပါတယ်။ နို့မို့ဆို မီးခိုးမဆုံး၊ မိုးမဆုံး သံသရာရှည်ဦး တော့မှာ။

အခုပြောချင်တာက တစ်သက်လုံး ကျွန်းခုတ်လာလိုက်တာ အခန့်မသင့်ခါမှ တစ်သက်တစ် ကျွန်းကျရရှာတဲ့ ဇိနတိုင်းသား ကျွန်းချစ်သူများအကြောင်းပါ။ ၂၀၁၅ နှစ်ဆန်းပိုင်းတုန်းက သစ်သူခိုးတွေ ကိုလေကြောင်းအကူတွေ ဘာတွေနဲ့ တစ်ခါတည်း ဖမ်းပစ်လိုက်တာ ရာချီ မိပါရောလား။ စားနေကျ ကြောင်ဖားတော့ ဒီတစ်ခါ ကားခနဲ မိတာပဲပေါ့။

တပည့်တော်တို့က ပေါက်ဖော်ကိုလည်း ကြောက်ရပါတယ် ဘုရား မဟုတ်တော့ဘူးပေါ့။ ဖမ်းမိတာနဲ့ တစ်ပြိုင်နက်တည်းလိုမှာပဲ ပြစ်ဒဏ်ကြီးကြီး စီရင်လို့ရတဲ့ အမှုမျိုးတွေနဲ့ပဲ တရားစွဲတင်သွားမယ်ဆိုတဲ့ သတင်းပါ ထွက်ပေါ်လာခဲ့တယ်။ ဟုတ်လည်းဟုတ်တယ်။ ပြစ်ဒဏ်ကြီးကြီးတွေ စီရင်လို့ရတဲ့ အ.ပ.က(၃) တို့ဘာတို့နဲ့ကို တရားစွဲတင်ပစ်လိုက်တာ၊ နောက်နောင် ကို မောင်မှန်တို့ ကျွန်းသစ်တွေကို  ဘယ်လိုလူမျိုးကမှ လာပြီး မထိပါးရဲအောင် လုပ်ပစ်လိုက်တာနေမှာ။ (ထပ်ထိပါးရအောင်လည်း သိပ်မကျန်တော့ပါဘူး) မောင်မှန်တို့ ပြည်သူတွေကတော့ ဝမ်းစမိုး ဘရာဗိုပေါ့။ တရားဥပဒေ မျက်မှောက်ကို ကျွန်းချစ်သူတွေ ရောက်ပြီပေါ့။

ဒီလိုနဲ့ ခြောက်လလောက်ကြာတော့ တရားရုံးက စီရင်ချက်ချတယ်။ အမယ်လေးလေး ကြောက်စရာ စီရင်ချက်ကြီးပါခင်ဗျ။ ဒီလောက်ကြီး ပြင်းထန်လိမ့်မယ်လို့ မောင်မှန်ဖြင့် ဘယ်လိုမှမ ထင်ထားဘူး။ အသက်မပြည့်တဲ့ နှစ်ယောက်ကလွဲလို့ ကျန်တာအားလုံး တစ်သက်တစ်ကျွန်းတဲ့၊ တကယ်ကို ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ပါပဲ။ နောက်ထပ် သစ်ခိုးဖို့ကြံနေတဲ့သူတွေကို ပြတ်ပြတ် သားသား ဟန့်တား လိုက်တာပါ။

ဒါပေမယ့် မောင်မှန်စိတ်ထဲ ပြစ်ဒဏ်က အားလုံး တစ်သက်တစ် ကျွန်းဆိုတော့ တရားမျှတမှုမှ ရှိပါ့မလားလို့ထင်မိတယ်။ နွားထီး ငါးကျပ်၊ နွားမ ငါးကျပ်များ ဖြစ်နေ မလားလို့ မောင်မှန်ထင်ရုံရှိသေး Global Time သတင်းစာကြီးက ခေါင်းကြီးပိုင်းပါ ရေးပစ်လိုက်ပါပြီ။ ခုလို စီရင်လိုက်တာဟာ တရားမျှတမှုမရှိကြောင်း၊ ဘာညာသာရကာပေါ့လေ။ ဇိနတိုင်းတစ်ခွင်လည်း လှုပ်လှုပ်ရှားဖြစ်သွားတာပေါ့လေ။

သံခင်းတမန်ခင်းတွေလည်း ရှုပ်ယှက်ကို ခတ်ကုန်တာပေ့ါ၊ အားရ ကျေနပ်တဲ့သူတွေကလည်း အားရကျေနပ်လို့ပေါ့၊ မောင်မှန်တော့ အဲဒီအထဲ မပါပါဘူး။ အရာရာကို (အစိုးရမင်းများ ပြော ပြောနေတဲ့) တရားဥပဒေနဲ့အညီပဲ ဖြစ်စေချင်တာပါ။ ဥပဒေမရှိတဲ့ တိုင်းပြည်မှာ ဥပဒေစကားပြောရတာ လျှာတော့ အယားသား။ နောက်ပြီး တရုတ်၊ ကုလား လူမျိုးခြားဆန့်ကျင်ရေး စိတ် မောင်မှန်မှာ လုံးဝ(လုံးဝ) မရှိပါဘူး။ တရုတ်ဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ကိုယ့်ကို ကျူးကျော်စော် ကားလာရင်တော့ ရန်သူလို့ သတ်မှတ်ရမှာပေါ့။ လူမျိုးတူ ဘာသာတူချင်းလည်းပဲ ပြည်သူကို ရန်ရှာ ဖိနှိပ်သွေးစုပ်နေရင် ရန်သူပဲ၊ အဲသလိုစိတ်ပဲ မောင်မှန်မှာ ရှိပါတယ်။ တစ်ခုတော့ ရှိတယ်၊ ရန်သူလို့ သတ်မှတ်ပေမယ့် ဘာလုပ်ရဲသလဲဆိုတော့ ဘာမှ မလုပ်ရဲပါဘူး။ ဒါကြောင့် လုပ်ရဲတဲ့သူတွေကို မောင်မှန်က တအားလေးစားတာ ပါခင်ဗျာ။

မူလစကား ပြန်သွားရအောင်ပါ။ တစ်သက်တစ်ကျွန်း ကျွန်းချစ်သူများ ပြစ်ဒဏ်ကျခံပြီး ကိုးရက်အကြာမှာ နှစ်နိုင်ငံချစ်ကြည်ရေး၊ မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို အကြောင်းခံလို့ ပြစ်ဒဏ်မှ လုံးဝ လွတ်မြောက်သွားခဲ့ပါတယ်။ ချုပ်ရက်တွေပါ ထည့်တွက်မယ်ဆိုရင် တစ်သက်တစ် ကျွန်းဒဏ်ဟာ ထောင်ဒဏ်ခြောက်လလောက်နဲ့ပဲ ညီမျှနေပါတော့တယ်။ အစကတည်းက အကုန်လုံး သိမ်းကျုံးပြီး တစ်သက်တစ်ကျွန်း မချသင့်သလို လွှတ်ပစ်လိုက်တော့လည်း အကုန်ကွင်းလုံးကျွတ်ကြီး ဆိုတာ သိပ် နည်းလမ်းမကျပါဘူး။ သူတို့ခိုးခဲ့တဲ့ သစ်ဟာ အစိုးရအဖွဲ့ပိုင် သစ်မဟုတ်ပါဘူး။

အများ ပြည်သူပိုင်သစ်ပါ။ (ဒါကြောင့်လည်း အ.ပ.က ၃ နဲ့ တရားစွဲခဲ့တာမဟုတ်လား) ချက်ချင်းပဲ “တပည့် တော်တို့က ပေါက်ဖော်ကိုလည်း ကြောက်ရပါတယ် ဘုရား” ပြန်ဖြစ်သွားပြန်ပါပြီ။ သူတို့ကြောက် တာမကြောက်တာက သူတို့အကျိုးစီးပွားအပေါ် မူတည်နေတာပါ။ အလျော်အစား လုပ်တော့သာ ပြည်သူ ပိုင်သယံဇာတတွေနဲ့ လုပ်ကြတာ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့ ဥပဒေအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစစ်အေးကို BBC ရေဒီ ယိုက အင်တာဗျူးပါတယ်။ ဘာကြောင့် ဒီလို လွှတ်ပေးတယ် ထင်ပါသလဲဆိုတော့ ဦးစစ်အေးက တိုင်းပြည် ရဲ့ရေရှည်အကျိုးစီးပွားအတွက် ထင်ပါတယ်လို့ ဖြေပါတယ်။ ဘယ်လို အကျိုးရှိနိုင်မလဲလို့ BBC က ထပ်မေးတော့ မပြောတတ်ပါဘူးတဲ့။ တစ်ခါ ဒီကိစ္စအပေါ် ဝေဖန်မှုတွေ အများအပြားရှိနေ ကြောင်း BBC ကပြောတော့ ဦးစစ်အေးက သမ္မတကြီးက နိုင်ငံအကျိုးအတွက် စဉ်းစားပြီး ဆောင်ရွက် တာကို ကျန်တဲ့လူတွေ ဉာဏ်မမီနိုင်ဘူးလို့ ပြန်ပြောပါတယ်။

တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် သမ္မတကြီးလုပ်တာ ဆိုတာတော့ ဘယ်လိုအကျိုးရှိ မယ်ဆိုတာလည်း(ရေရှည်လို့ ပြောထားလေတော့) ဘယ်သူမှ မသိနိုင်သေးဘူးလေ။ တိမ်တောင် သဖွယ် မင်းရေးကျယ်လို့ ဆိုတယ် မဟုတ်လား။ မင်းရေးမင်းရာဆိုတာ ကျယ်ပြန့်နက်ရှိုင်းလေတော့ မောင်မှန်တို့ ပြည်သူတွေမသိနိုင်တာ ဦးစစ်အေးကလည်း မပြောတတ်သေးတာ ထားပါတော့။ သမ္မတ ကြီးကို ကျန်တဲ့သူတွေ(ဝေဖန်သူတွေ)က ဉာဏ်မမီဆိုတာကျ တစ်မျိုးကြီးခင်ဗျ၊ ဝေဖန်တဲ့ ပြည်သူတွေ ကို (Free Kick) အသားလွတ် ဆောင့်ကန်လိုက်တာပါလား။ ဉာဏ်မမီဘူးပဲ ရှိရသေး။ အလိုလေ ဖြစ်ရ လေ၊ ဒီလိုမှန်းသိ တလောလေးကလုပ်တဲ့ နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ မောင်မှန်တို့တစ်တွေ ဝင်ပြိုင်ပါ တယ်။ နိုင်ငံတကာ ဉာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲလေ။

ဝင်များပြိုင်လိုက်လို့ကတော့ ဆုတွေ ကို တစ်ထောကြီး ရလိုက်မယ့်ဖြစ်ခြင်း၊ တွေးကြည့်လေ ဦးစစ်အေး ပြောတဲ့အတိုင်းဆို ဝေဖန်သူတွေ ဟာ ဉာဏ်မမီသူတွေ ဖြစ်တယ်။ ဝေဖန်သူတွေကလည်း များတော့ ဒီအထဲက လက်ရွေးစင်တွေကို စိတ်ကြိုက် ခေါင်းခေါက်ရွေးလို့ရမယ်။ လုံးဝ(လုံးဝ) အရည်အသွေးပြည့်ဝသော စံချိန်မီ ဉာဏ်ရည်မမီ သော လက်ရွေးစင်များကို နိုင်ငံကိုယ်စားပြု ရရှိနိုင်မယ်။ ဒီတော့ တခြားနိုင်ငံတွေရဲ့ စိန်ခေါ်မှုတွေကို အလွယ်တကူ ကျော်ဖြတ်ပြီး ရွှေဆုတွေ ငွေဆုတွေ တစ်ပြုံကြီး ရပြီပေါ့။ ဒါ့ထက် တလောတုန်းက ဗမာ-အိန္ဒိယနယ်စပ်က နာဂသူပုန်တွေကို အိန္ဒိယစစ်တပ်က ဗမာပိုင်နက်ထဲအထိ ဝင်တိုက်ပါတယ်။ အဲဒါလည်း နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက်ပဲလား မသိပါဘူး။ မောင်မှန်လည်း ဘာမှတော့ မဝေဖန်လိုပါဘူး။ တော်ကြာ ဉာဏ်မမီဘူး အပြောခံနေရပါဦးမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags