မကွေးတိုင်းဒေသကြီး အတွင်းရှိ ၂၅မြို့နယ်မှ ကလေးသူငယ်များ တွေ့ဆုံပွဲ ပထမဆုံးအကြိမ်ပြုလုပ်

မကွေးတိုင်းဒေသကြီး အတွင်းရှိ ၂၅မြို့နယ်မှ ကလေးသူငယ်များ တွေ့ဆုံပွဲ ပထမဆုံးအကြိမ်ပြုလုပ်

 

မကွေး၊ အောက်တိုဘာ ၂၈ ။                        ။ ပထမဆုံးအကြိမ် မကွေးတိုင်းဒေသကြီး အတွင်းရှိ ၂၅မြို့နယ်မှ ကလေးသူငယ်များ တွေ့ဆုံပွဲအား အောက်တိုဘာ၂၇ရက်နေ့မှ အောက်တိုဘာ ၂၉ရက်နေ့အထိ မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါပွဲအား မကွေးတိုင်းဒေသကြီး၊လူမှုဝန်ထမ်းဦးစီးဌာနနှင့် မကွေးတိုင်း လူမှုရေးအသင်းအဖွဲ့အစည်းများ ပူးပေါင်း၍ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

အဆိုပါပွဲသို့ တက်ရောက်လာသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်က “ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်မှု ပိုမိုကောင်းမွန်လာစေဖို့ ကလေးသူငယ်တွေရဲ့ အသံကို နားထောင်ဖို့အတွက် ကလေးသူငယ်တွေနဲ့အခုလို တွေ့ဆုံပွဲ ပြုလုပ်တာပါ၊ဒါ ပထမဆုံးအကြိမ် စလုပ်တာပါ၊ ၃ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်၊မနက်ဖြန်ဆိုရင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုယ်တိုင် ကလေးသူငယ်တွေနဲ့တွေ့ဆုံမေးမြန်း အားပေးမှာပါ ” ဟု ပြောသည်။

အဆိုပါတွေ့ဆုံမှုအပေါ် ကလေးမိဘများက ကျေနပ်အားရမှုများရှိနေပြီး နှစ်စဉ် ကျင်းပပြုလုပ်စေချင်ကြောင်း ပြောသည်။

“ အရင်က အခုလို ၂၅မြို့နယ်က ကလေးတွေ တွေ့ဆုံပွဲ လုပ်တာ မရှိခဲ့ပါဘူး၊ အခုတွေ့ဆုံပွဲ လုပ်ပေးတဲ့အတွက် ဝမ်းသာရပါတယ်၊အစိုးရတာဝန်ရှိသူတွေ၊ သက်ဆိုင်တဲ့ ဌာနဆိုင်ရာနဲ့ လူမှုအဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်၊ ကလေးတွေကလည်း သူတို့ရဲ့ပြောချင်ဆိုချင်တာတွေကို တာဝန်ရှိ လူကြီးတွေ သိအောင် ပြောတာတွေ ကျွန်မအနေနဲ့ အင်မတန် အားရပါတယ်၊   နှစ်စဉ်လည်း အခုလို လုပ်ပေးမယ်ဆို ပိုကောင်းတာပေါ့ ” ဟု ပွဲတက်ရောက်လာသူ မင်းဘူးမြို့မှ နှင်းအိဇင်၏မိခင် ဒေါ်ပန်းအိဖြူက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly