UNFC အပါအဝင် မြန်မာကိုယ်စားလှယ်များ ကိုလံဘီယာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာရေးသွားရောက်

UNFC အပါအဝင် မြန်မာကိုယ်စားလှယ်များ ကိုလံဘီယာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာရေးသွားရောက်

 

အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                    ။ အစိုးရ၊ လွတ်တော်၊ တပ်မတော်၊ အပစ်ရပ်အဖွဲ့နှင့် အပစ်မရပ်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာရန် ကိုလံဘီယာနိုင်ငံသို့ သွားရောက်နေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ အပစ်ရပ် အဖွဲ့အစည်း ၈ ဖွ့ဲမှ ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)၊ လွတ်တော်၊ တပ်မတော်တို့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်၍ ကိုလံဘီယာနိုင်ငံသို့ ခရီးစတင်ထွက်ခွာခဲ့သည်ဟု PC အဖွဲ့ဝင် ဦးလှမောင်ရွှေ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

“ကိုလံဘီယာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ညှိနှိုင်းမှုဖြစ်စဉ်၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း -DDR လုပ်ငန်းစဉ်များကို လေ့လာမှုမှ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထည့်သွင်းစဉ်းစားနိုင်မဲ့ အချက်အလက်တွေ သင်ခန်းစာတွေ ရမယ်လို့ မျော်လင့်ပါတယ်”ဟု ရေးသားထားသည်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာရန် ကိုလံဘီယာနိုင်ငံသို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF) ရဲဘော် ဦးသံခဲ၊ UNFC မှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်တို့ အပါအဝင် ၁၆ ဦးတို့ ပါဝင်သည်။

ပြီးခဲ့သည့် မြန်မာစံတော်ချိန် ၂ နာရီခွဲချိန်တွင် ဂျာမနီနိုင်ငံ Frankfurt လေဆိပ်တွင် ရောက်ရှိနေသည်ဟု သိရပြီး  လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags