နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ပြရန် နိုင်ငံတကာ ရဲတီးဝိုင်းဖျော်ဖြေပွဲပြုလုပ်ခြင်းဖြစ်

နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ပြရန် နိုင်ငံတကာ ရဲတီးဝိုင်းဖျော်ဖြေပွဲပြုလုပ်ခြင်းဖြစ်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန်၊ အောက်တိုဘာလ ၂၈ ။               ။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သော နိုင်ငံတကာ ရဲတီးဝိုင်းဖျော်ဖြေပွဲကို ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပြသလိုသည့် ရည်ရွယ်ချက်အပါအဝင် အချက် ၅ ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်း ဒုတိယရဲမှူးကြီး မြင့်ထွေးကပြောသည်။

အဆိုပါ နိုင်ငံတကာ ရဲတီးဝိုင်းဖျော်ဖြေရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပြသလို သည့် ရည်ရွယ်ချက်အပါအဝင် အာရှဒေသအတွင်းရှိ နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြင့်မားရန်၊ စည်းလုံး ညီညွတ်ရန်၊ ဆက်သွယ်ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း သိရ သည်။

“ World Police Band Concert (နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲ) ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အဓိကတော့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတဲ့ သင်္ကေတပြချင်တာရယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာရှိတဲ့ ရဲတီးဝိုင်းတွေက အနုပညာတွေကို ပူးပေါင်းဖလှယ်ပြီးတော့ ရင်းနှီးမှုရစေချင်တာရယ်၊ ဒီလို လမ်းလျှောက်ဖျော်ဖြေတဲ့အတွက် ပြည်သူနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ရဲ့ ရင်းနှီးမှု ပိုမိုရရှိအောင် ဒီရည်ရွယ်ချက် တွေနဲ့ ဒီအခမ်းအနားကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ”ဟု ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောသည်။

နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲကို ယနေ့ အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမှ ဆူးလေဘုရား လမ်းအတိုင်းလမ်း လျှောက်ပြီး တီးခတ်ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံမှ ရဲတီးဝိုင်းအပါအဝင် စင်္ကာပူ၊ ဗီယက်နမ်၊ ဂျပန်နိုင်ငံ စသည့် ၄ နိုင်ငံမှ ရဲတီးဝိုင်းများ စုပေါင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့၊ ညနေ ၇ နာရီမှ ၁ဝ နာရီထိ၊ မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC ) ခန်းမတွင်လည်း နိုင်ငံ ၄ နိုင်ငံမှ ရဲတီးဝိုင်းအဖွဲ့များက သံစုံတီး ခတ်ဖျော်ဖြေသွားမည်ဖြစ်ပြီး အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly