NLD တိုင်ကြားရေးသို့ ဧရာဝတီတိုင်းကိုယ်စားလှယ်များ အများဆုံးတိုင်ကြားခံရ

NLD တိုင်ကြားရေးသို့ ဧရာဝတီတိုင်းကိုယ်စားလှယ်များ အများဆုံးတိုင်ကြားခံရ

 

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ။                ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ၏ တိုင်ကြားစာလက်ခံရေးဌာနသို့ အများဆုံး တိုင်ကြားခြင်း ခံရသူများသည် ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေသည်ဟု တိုင်ကြားစာ လက်ခံရေးဌာန ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ဧရာဝတီတိုင်းက တိုင်ကြားခံရတာ အများဆုံးပဲ၊ ဧရာဝတီတိုင်းမှာက အင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်ပြီးတော့ ကိုယ်စားလှယ်ကြောင့်ဆိုပြီး တိုင်တာအများဆုံးဖြစ်နေတယ်။ ဧရာဝတီတိုင်း အများဆုံးပါ" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

တစ်ပြည်လုံးအနေဖြင့် တိုင်ကြားသည့် အကြောင်းရင်းအများစုသည် ပါတီမှ အလုပ်အမှုဆောင်အဖွဲ့များနှင့် ကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းများ ၊ ကိုယ်စားလှယ်များမှ သက်ဆိုင်ရာမဲဆန္ဒနယ်သို့ ကွင်းဆင်းမှု မပြုလုပ်ခြင်း တို့ဖြစ်သည်ဟု သိရသည်။

တိုင်ကြားစာလက်ခံရေးဌာနသို့ တစ်လလျှင် တိုင်ကြားစာ အစောင် ၃၀ နီးပါး ရောက်လာပြီး ဌာန စတင် ဖွင့်လှစ်သည့် အချိန်မှ ယနေ့အထိ တိုင်ကြားစာပေါင်း ၅၀၀ နီးပါးခန့် ရရှိထားပြီးဖြစ်သည်ဟု သိရသည်။

"ရောက်လာတဲ့စာပေါင်းက ၄၈၀ ကျော်လောက်ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့နဲ့မဆိုင်တဲ့ စာတွေ ခိုင်လုံမှု မရှိတဲ့စာတွေ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့စာတွေ တိုင်ကြားသူကို စုံစမ်းဆက်သွယ်လို့မရတာတွေ နှုတ်လိုက်ရင် ၂၇၀ လောက်တော့ ပတ်သက်တာရှိပါတယ်။ အခု အစောင် ၂၀၀ ကျော်လောက် စစ်ဆေးပြီး တော့ အစီရင်ခံပြီးပါပြီ" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ယင်းအပြင် တိုင်ကြားစာဌာနသို့ တိုင်ကြားကြသည့် ပြည်သူများအနေအား ပြန်လည်ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ရခြင်းကြောင့် တိုင်ကြားလိုသူများအနေဖြင့် ဖုန်းနံပါတ် မဖြစ်မနေ ထည့်ပေးစေလိုသည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ယခုနှစ်အစောပိုင်းက တိုင်ကြားစာလက်ခံရေးဌာနသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုက္ကဋ္ဌတို့ တိုင်ကြားခံခဲ့ရပြီး မွန်ဝန်ကြီးချုပ် နှုတ်ထွက်သွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required