ပုပ္ပား​တောင်​တွင် မြေရွေ့လျားမှုနှင့် မြေကျွံမှုများ အနည်းငယ် ရှိနေသေးဟုဆို

ပုပ္ပား​တောင်​တွင် မြေရွေ့လျားမှုနှင့် မြေကျွံမှုများ အနည်းငယ် ရှိနေသေးဟုဆို

 

မန္တလေး အောက်တိုဘာ ၂၈ ။           ။ ပုပ္ပားတောင်တွင် ယမန်နေ့အောက်တိုဘာ ၂၇ ရက်နေ့က စတင်ပြီး ယနေ့အထိ အထိ မြေရွေ့လျားမှုနှင့် မြေပြိုမှု အခြေအနေများ အနည်းငယ် ရှိနေသေးသည်ဟု မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။

" လက်ရှိအနေအထားကတော့ မိုးကတော့ တိတ်သွားပြီဗျ၊ မနေ့က တိုင်းထွာချက်အရ နည်းနည်း လေး ရွေ့တဲ့အနေအထား၊ ကျွံတဲ့အနေအထားလေးတွေတော့ ရှိသေးတယ်၊ နေ့စဉ်တိုင်းထွာတဲ့ ကိရိယာနဲ့ တိုင်းထွာနေပါတယ် " ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က အောက်တိုဘာလ ၂၈ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ပြတ်ရွေ့ကြောသည် နေ့စဉ်ရွေ့လျားနေပြီး၊ မိုးသည်းထန်စွာ ရွာသွန်းပါက လျင်မြန်စွာရွေ့လျား နိုင်ကာ မိုးမရွာလျှင် အနည်းငယ်သာ ရွေ့လျားနိုင်သည်ဟု ဘူမိဗေဒပညာရှင်များက သုံးသပ်ထား ကြောင်း ဦးအေးခိုင်က ဆက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်တွင် တည်ရှိသည့်ပုပ္ပားတောင်သည် အောက်တို ဘာ ၁၆ ရက်နေ့မှစတင်၍ မြေပြိုမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်၍ ပုပ္ပားတောင်စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့က နေ့စဉ်ကိရိယာများဖြင့် တိုင်းထွာ စောင့် ကြည့်နေသည်။

ပုပ္ပားတောင်စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ကို အောက်တိုဘာ ၂၄ ရက် နေ့တွင် မြန်မာနိုင်ငံဘူမိသိပ္ပံပညာ ရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေး၊ စည်ပင်တို့မှ တာဝန်ရှိသူများ၊ ဒေသခံအဖွဲ့ အစည်းများနှင့် ပုပ္ပားတောင်ချစ်သူများအသင်းတို့ ပါဝင်ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားများ၊ ဌာနဆိုင်ရာများ၊ ဘူမိဗေဒပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လည်း အောက်တိုဘာလ ၂၃ ရက် နေ့က ပုပ္ပားတောင်သို့သွားရောက်၍ မြေကျွံမှု ဖြစ်စဉ်အား စစ်ဆေးကြည့်ရှု၍ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်၍ သတင်းပို့တင်ပြရန် ညွှန်ကြားခဲ့သည်။

နေ့စဉ်တိုင်းတာချက်များအရ ပညာရှင်များက ပုပ္ပားတောင် အနီးတဝိုက်တွင် အဆောက်အအုံ ဆောက်လုပ်ခြင်းများ၊ မြေဖို့ခြင်းများ လတ်တလော ဆောင်ရွက်ခြင်းမပြုရန် မှာကြားထားပြီး၊ အန္တရာယ်ရှိနိုင်သည့်အနေအထား မရှိသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required