ဒုဝန်ကြီးချုပ် ပါလီမန်အမတ်နေရာ ဆုံးရှုံးသွားပြီးနောက်ပိုင်း သြစတြေးလျအစိုးရအဖွဲ့ ကသောင်းကနင်းဖြစ်

ဒုဝန်ကြီးချုပ် ပါလီမန်အမတ်နေရာ ဆုံးရှုံးသွားပြီးနောက်ပိုင်း သြစတြေးလျအစိုးရအဖွဲ့ ကသောင်းကနင်းဖြစ်

 

အောက်တိုဘာ ၂၈ ။            ။ သြစတြေးလျ ဒုဝန်ကြီးချုပ်ဖြစ်သူ ဘာနဘီဂျိုက်စ်သည် နိုင်ငံသားနှစ်ခု တစ်ပြိုင်နက်တည်း ခံယူထားမှုကြောင့် အောက်တိုဘာ ၂၇ ရက်က ၎င်း၏ ပါလီမန်အမတ်နေရာကို လက်လွှတ်လိုက်ရပြီးနောက်ပိုင်း ယခုအခါ သြဇီအစိုးရအဖွဲ့အနေဖြင့် ကသောင်းကနင်း အခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

ဘာနဘီဂျိုက်စ်အနေဖြင့် နှစ်နိုင်ငံသားခံယူထားမှုကြောင့် ပါလီမန်တွင် ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းကြောင့် သြစတြေးလျအစိုးအနေဖြင့် ပါလီမန်တွင် အမတ်နေရာတစ်နေရာ အသာရထားမှုအခြေအနေကို ဆုံးရှုံးလိုက်ရသည်။

ဘာနဘီဂျိုက်စ်နှင့်အတူ အခြားအမတ်လေးဦးတို့မှာ နိုင်ငံသားနှစ်ခု ခံယူထားမှုကြောင့် ပါလီမန်တွင် ဆက်ရှိနေရန် မသင့်တော့ကြောင်း နိုင်ငံ၏ အမြင့်ဆုံးတရားရုံးက ယမန်နေ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ဝန်ကြီးချုပ် တန်ဘူးလ်၏ လက်ယာယိမ်း ညွန့်ပေါင်းအစိုးရအနေဖြင့် ယခုအခါ အခြေအနေမှာ စိတ်ချရမှု မရှိတော့သည့် အဖြစ်ကို ရောက်ရှိနေခဲ့သည်။၎င်း၏ လစ်ဘရယ်ပါတီမှာ ညွန့်ပေါင်းအစိုးရဖွဲ့ရာတွင် စီနီယာပါတီဖြစ်ပြီး ဂျိုက်စ်ဦးဆောင်သည့် သေးငယ်သည့် အမျိုးသားပါတီနဲ့ ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၎င်း၏ အစိုးရ ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် လွှတ်တော်တွင်း တစ်သီးပုဂ္ဂလအမတ်တစ်ဦး၏ ထောက်ခံမှုကို ရရှိရန် လိုအပ်နေပြီဖြစ်သည်။

ယင်းအပြင် လက်ရှိအချိန်တွင် ဘာနဘီဂျိုက်စ်မှာလည်း ပါလီမန်အမတ်ဆုံးရှုံးခြင်းနှင့်အတူ အစိုးရအဖွဲ့တွင်းမှလည်း ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ သို့သော် ဂျိုက်စ်က နယူးဇီလန်နိုင်ငံသားခံယူထားမှုကို စွန့်လွှတ်ပြီး လာမည့် ဒီဇင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်သွားမည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ်အနေဖြင့်လည်း  ပြည်ပခရီးစဉ် သွားရောက်ရန် ရှိနေရာ အစိုးရအဖွဲ့တွင်း ဂျိုက်စ် မရှိတော့သည့်အတွက် အခက်တွေ့နေခဲ့ရသည်။ ယခုအခါ ၎င်းပြည်ပသို့ သွားရောက်စဉ် နိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့က ခေတ္တဝန်ကြီးချုပ်အဖြစ် နိုင်ငံကို တာဝန်ယူထားမည်ဖြစ်ကြောင်း တန်ဘူးလ်က အားချင်းထုတ်ပြန်ကြေညာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required