ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်နှင့် လူနာစောင့်များအတွက် သက်သာဆိုင်များဖွင့်လှစ်မည်

ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်နှင့် လူနာစောင့်များအတွက် သက်သာဆိုင်များဖွင့်လှစ်မည်

 

ရန်ကုန်၊ အောက်တိုဘာ ၂၈ ။                 ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်များနှင့် လူနာစောင့်များအတွက် သက်သာသောဈေးဖြင့် ရောင်းချ ပေးမည့် ဆေးဆိုင်၊ စတိုးဆိုင်နှင့် စားသောက်ဆိုင်(ကန်တင်း) များဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးကပြောသည်။

အဆိုပါဆိုင်များတွင် ၁၀ ရာခိုင်နူန်းထက် မပိုသောအမြတ်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနူန်းသက်သာစွာ ရောင်းချနိုင်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့်လည်း ဆွေးနွေးထားကြောင်းသိရသည်။

“ အမြန်ဆုံးဖွင့်နိုင်အောင်တော့ကြိုးစားဆောင်ရွက်သွားပါမယ်။ ၂၀၁၇ ထဲမှာတော့ မဖြစ်နိုင်သေးဘူး။  ၁၈ ရက် ထဲမှာတော့ ဖြစ်မှာပေါ့ ” ဟု ဒေါက်တာမြင့်မြင့်အေးက ဆိုသည်။

ထိုသို့ သက်သာဆိုင်များဖွင့်လှစ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း နှုတ်ဖြင့် ညွှန်ကြားချက် ရရှိထားကြောင်း ၎င်းကဆိုသည်။

ယခင် ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို လက်ထက်ကတည်းက သက်သာဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သော်လည်း ဆေးရုံကြီးကြပ်ရေးကော်မတီဝင်များ ပင်စင်ယူခဲ့သောကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမြင့်မြင့်အေးက ဆက်လက်ပြောသည်။

ထိုသို့ ပြင်ပပေါက်ဈေးထက် ဈေးနူန်းသက်သာဆိုင်များကို ဗဟိုအဆင့် အခြားဆေးရုံကြီးများတွင်လည်း အကောင်အထည်ဖော်ရန် ရှိနေကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာကျန်းမာရေးဏ္ဍတွင်အရေးပါသောနေရာ၌ ရပ်တည်နေပြီး ကုတင် ၂၀၀၀ ဆံ့ကာ နေ့စဉ်လူနာ ၁၈၀၀ ခန့် တက်ရောက်ကုသနေကာ ပြင်ပလူနာတစ်ရက်လျှင် ၈၀၀ ခန့် ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required