အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်လာပြန်

အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်လာပြန်

 

နယူးယောက်၊ အောက်တိုဘာ ၂၈ ။           ။ ဝေါစထရိတွင် အမေဇုံ၏ ရှယ်ယာများ အောက်တိုဘာ ၂၇ ရက်တွင် မြင့်တက်သွားခြင်းကြောင့် တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်၏ ကံဇာတာအပေါ် တိုက်ရိုက်သက်ရောက်ကာ ၎င်းအနေဖြင့် မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီဂိတ်နေရာကို အစားထိုးဝင်ရောက်ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်လာသည်။

အောက်တိုဘာ ၂၇ ရက် စတော့ဈေးကွက် ဖွင့်ပြီး နှစ်နာရီအတွင်း အမေဇုံရှယ်ယာက ၁၁ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အမေဇုံအနေဖြင့် အောက်တိုဘာ ၂၆ ရက်က ရှယ်ယာအရောင်းအဝယ်အပိတ် ၎င်း၏ သုံးလပတ်အကျိုးအမြတ်ကို ကြေညာပြီးနောက် နောက်တစ်နေ့ အရောင်းအဝယ်ပထမဆုံးတွင် ယခုကဲ့သို့ ရှယ်ယာများ ထိုးတက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် မိုက်ခရိုဆော့ဖ်၏ ရှယ်ယာများက ခုနစ်ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့သည်။ မိုက်ခရိုဆော့ဖ်ကလည်း တတိယသုံးလပတ် အကျိုးအမြတ်ကို အောက်တိုဘာ ၂၆ ရက် ရှယ်ယာဈေးကွက်အပိတ်တွင် ကြေညာသည်။

သို့သော် ကမာ့္ဘအထင်ကရပုဂ္ဂိုလ်များ၏ ကြွယ်ဝမှုကို စစ်တမ်းကောက်ယူသော Forbes ၏ ၎င်းတို့စတော့ရှယ်ယာဈေးကွက် ပိုင်ဆိုင်မှု တန်ဖိုးများကို တွက်ချက်မှုအရ အောက်တိုဘာ ၂၇ ရက်တွင် ဘီဇို့စ်သည် ဘီလ်ဂီတ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်လာခဲ့သည်ဟု ဖော်ပြခြင်းခံရသည်။

အမေဇုံတည်ထောင်သူ၏ ဓနပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၉၀ ဒဿမ ၆ ဘီလီယံအထိ ရောက်လာခဲ့ကြောင်း၊ နှိုင်းယှဉ်ပါက ဘီလ်ဂိတ်၏ ကြွယ်ဝမှုက ၉၀ ဒဿမ ၁ ဘီလီယံသာ ရှိကြောင်း Forbes ၏ အွန်လိုင်းတည်းဖြတ်မှုတွင် ဖော်ပြထားသည်။

ထိုသို့ ဘီဇို့စ်၏ ဘီလ်ဂိတ်ကို ကျော်တက်ကာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်ခဲ့ဖူးခြင်းသည် ယခုအကြိမ်က ပထမဆုံးမဟုတ်ဘဲ ဇူလိုင် ၂၇ ရက်ကလည်း အမေဇုံရှယ်ယာများ သမိုင်းတွင် မြင့်မားခဲ့ပြီးနောက် တစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။ သို့သော် နောက်နာရီအနည်းငယ်အတွင်းမှာပင် ဘီလ်ဂိတ်ကသာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးနေရာကို ပြန်လည်တက်လှမ်းခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required