ကြိုတင်လက်မှတ်ကို စံချိန်တင်ရောင်းချခဲ့ရသည့် “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်

ကြိုတင်လက်မှတ်ကို စံချိန်တင်ရောင်းချခဲ့ရသည့် “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ။            ။ ဒါရိုက်တာ ဝိုင်း ပုံဖော် ရိုက်ကူးခဲ့သည့် ရင်ဘတ်ထဲကဓား ရုပ်ရှင် ဇာတ်ကား သည် ရုံမတင်ခင် အချိန်ကတည်း က ပရိသတ် စိတ်ဝင်စားမှု များခဲ့ပြီး ရုံတင်မပြသခင် ကြိုတင် လက်မှတ် ရောင်းချခဲ့ရာမှာလည်း ၂၀၁၇ ခုနှစ်အတွင်း ကြိုတင်လက်မှတ် ဝင်ငွေအများဆုံး ဖြစ်ခဲ့သည့် ရုပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်သည်။

ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကား ကို အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ များတွင် တစ်ပြိုင်တည်း ရုံတင်ပြသနေပြီ ဖြစ်ကာ ကြိုတင် လက်မှတ် ဝယ်ယူပြီးအားပေး ကြည့်ရှုသူ ပရိသတ် များပြားလျက် ရှိသလို စတင် ရုံတင်သည့်နေ့တွင် ည ၉ နာရီခွဲ ပွဲစဉ်များအထိ လက်မှတ် ရောင်းကုန်သွားပြီ ဖြစ်ကြောင်း မြို့မ ရုပ်ရှင်ရုံ ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ဖော်ပြ ထားသည်။

စာရေးဆရာမ လမင်းမိုမို ၏ “အမှောင်ထဲမှာ” ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက “ရင်ဘတ်ထဲက ဓား ”အမည်ဖြင့် ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူး ပုံဖော်ထားခြင်း ဖြစ်သည်။  သရုပ်ဆောင်များ အဖြစ် ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗို ၊ မြတ်ကေသီအောင် ၊ ခင်မို့မို့အေး ၊ မေကဗျာ တို့မှ အဓိက ပါဝင် သရုပ် ဆောင်ထားကြသည်။

ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကား တွင် လရိပ်ဝေး အဖြစ် ပါဝင် သရုပ်ဆောင် ထားသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင် ၏ ၂၀၁၇ ခုနှစ်တွင် ပထမဆုံး ရုံတင်ပြသသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သလို ထိုဇာတ်ကားဖြင့် အကယ်ဒမီ ရရှိနိုင်မည်ဟု ဒါရိုက်တာ နှင့် ပရိသတ်များက မှန်းထားသည့် ဇာတ်ကားလည်း ဖြစ်သည်။

ထိုဇာတ်ကားတွင် လရိပ်ဝေး အဖြစ် သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင် အတွက် ထိုဇာတ်ကား အတွက် လရိပ်ဝေး ကာရိုက်တာ ပီပြင်အောင် သရုပ်ဆောင်ခဲ့ပြီး စိတ်ရောလူရော ပင်ပန်းစွာ ကြိုးစားခဲ့ရသည့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။

ယောကျ်ားတစ်ယောက်ကို ကိုယ်တိုင်ပြုစုပျိုးထောင် ၊ အစစအရာရာ တာဝန်ယူ မြှင့်တင်ပေးခဲ့ပေမယ့် ဆရာဝန်ဖြစ်သွားပြီးချိန်မှာ တာဝန်ယူခဲ့တဲ့ဇနီးသည်အပေါ် ကျေးဇူးတင်ရမယ့်အစား နာကျည်းနေခဲ့တဲ့ ခင်ပွန်းက  အမြင်ဆိုးနဲ့ရက်ရက်စက်စက်ဆက်ဆံတာ ခံခဲ့ရတဲ့၊ ခင်ပွန်းရဲ့ မိသားစုနဲ့ ယောက္ခမ ထံကလည်း ကောင်းသောအမြင် ကောင်းသောဆက်ဆံရေး မရခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ထွက်ပေါက်မဲ့ ဘဝအကြောင်း ကို ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။

စာရေးဆရာမ လမင်းမိုမို ၏ “အမှောင်ထဲမှာ”ဝတ္ထု သည်  ဒါရိုက်တာများစွာ ပရိုဂျူဆာများစွာ ရုပ်ရှင်ရိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သလို အကြိမ်ကြိမ် ဇာတ်အိမ်တည်ခဲ့ဖူးသလို မင်းသားများစွာ၏ အကြိမ်ကြိမ်ခေါင်းခါမှု ခံခဲ့ရသည့် ? အကြိမ်ကြိမ် ပျက်ခဲ့သည့် ဇာတ်လမ်း တစ်ပုဒ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly