ထပ်မံထုတ်ဝေမည့် ငွေစက္ကူအားလုံးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့်သာ ရိုက်နှိပ်ရန် အဆိုတင်

ထပ်မံထုတ်ဝေမည့် ငွေစက္ကူအားလုံးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့်သာ ရိုက်နှိပ်ရန် အဆိုတင်
တရားမဝင်ဟု ကြေငြာခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ သုံးဆယ့်ငါးကျပ်တန် ငွေစက္ကူ

နေပြည်တော်(အောက်တိုဘာ ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရှေ့အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့်သာ ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ယနေ့ အောက်တိုဘာ ၂၇ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦးက အဆိုတင်သွင်းးလိုက်သည်။

လက်ရှိသုံးစွဲနေသော ငွေစက္ကူများကို ပြောင်းလဲသုံးစွဲရန် မဟုတ်ဘဲ ထပ်မံရိုက်နှိပ်မည့် ငွေစက္ကူများတွင်သာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ်၊ ထုတ်ဝေရန် မကွေးတိုင်း၊ မြိုင်မြို့နယ်အမတ် ဦးအောင်ခင်ဝင်းက အဆိုတင်သွင်းလိုက်ခြင်းဖြစ်သည်။

“ငွေစက္ကူဆိုတာ လူတိုင်းရဲ့ လက်ထဲမှာ ကိုင်တွယ်သုံးစွဲနေတာဖြစ်လို့ နှစ်ကြာရှည် သုံးစွဲလာတဲ့အခါမှာ ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်း၊ ရေနစ်လို့ ပျက်စီးခြင်း၊ မီးလောင်လို့ ပြာဖြစ်ခြင်း စသည့် ပျက်စီးခြင်း အမျိုးမျိုးကြောင့် လျော့နည်းသွားမှုရှိလာမှာကတောာ့ သေချာပါတယ်။ အဲ့ဒီလို ပျက်စီးလို့ လျော့နည်းသွားမှုများကို အစားထိုးတဲ့အခါဖြစ်စေ၊ လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ထုတ်ဝေသောအခါဖြစ်စေ၊ အရွယ်အစားအသစ်နဲ့ ထုတ်ဝေသောအခါဖြစ်စေ၊ ရှေ့အနာဂတ်တွင် ထုတ်ဝေမည့်အခါတိုင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများနဲ့ ထုတ်ဝေသွားဖို့ ဖြစ်ပါတယ်” ဟု ဦးအောင်ခင်ဝင်းက လွှတ်တော်တွင် ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၀၉ခုနှစ်တွင် ငါးထောင်တန်ငွေစက္ကူများ၊ ၂၀၁၂ခုနှစ်တွင် တစ်သောင်းကျပ်တန်ငွေစက္ကူများ၊ ၂၀၁၄ခုနှစ်တွင် အရွယ်အစားသစ်ဖြင့် နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်၊ တစ်ထောင်ကျပ်တန်ငွေစက္ကူများနှင့်  ၂၀၁၄နှင့် ၂၀၁၅ခုနှစ်တို့တွင် လုံခြုံရေးအဆင့်အတန်းတိုးမြှင့်သည့် ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူများကို အသစ်ထုတ်ဝေခဲ့သည်။

“ရှစ်နှစ်ကျော်အတွင်းမှာ ငါးကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ နှစ်နှစ်၊ သုံးနှစ် တစ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့တာ တွေ့ရပါတယ်။ ယခုလည်းပဲ ရိုက်နှိပ်ထုတ်ဝေဖို့ နီးပြီလို့ ယူဆရပါတယ်။ ဒါ့ကြောင့် ၂၀၁၇ခုနှစ်မှစ၍ နောက်ပိုင်း ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံမျိုးစုံထဲမှ သင့်လျော်သည့်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေသွားရန် ဖြစ်ပါတယ်” ဟု ဦးအောင်ခင်ဝင်းက ဆိုသည်။

၎င်းအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလွန်းသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ် ထမ်းဆောင်သည့်သဘောဖြင့် အဆိုတင်သွင်းရခြင်းဖြစ်သည်ဟုလည်း ဦးအောင်ခင်ဝင်းက ပြောသည်။

ဦးအောင်ခင်ဝင်း၏ အဆိုအား ထောက်ခံဆွေးနွေးခဲ့သူ သရက်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးကံမြင့်ကလည်း “ဦးတို့က ဒီအချိန်မှာမှ ကျေးဇူးပြန်မဆပ်ရင် ဘယ်အချိန်သွားဆပ်မလဲ။ တစ်ကယ့်တစ်ကယ်တော့ နိုင်ငံတစ်ကာမှာလည်း ထင်ရှားကျော်ကြားတဲ့ခေါင်းဆောင်တွေရဲ့ပုံတွေကို ငွေစက္ကူမှာ ရိုက်ကြတာပဲ။ အမြတ်တနိုးပေါ့။ တစ်ကယ့်ကို ကိုယ့်ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ပုံတွေကို မြတ်မြတ်နိုးနိုးနဲ့ လုပ်ကြတယ်။ ဦးတို့တိုင်းပြည်ကျတော့ ခြင်္သေ့ပုံတို့၊ ဆင်ရုပ်တို့ဆိုတာ တော်တော်ကို စိတ်မကောင်းစရာကောင်းတယ်။ ဒါဟာ ပြောင်းလဲမှဖြစ်မယ်” ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ဦးကံမြင့်အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ငွေစက္ကူအားလုံးအတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် အသစ်ရိုက်နှိပ်ထုတ်ဝေပြီး ပြောင်းလဲသုံးစွဲသွားရန် မေးခွန်းမေးမြန်းခဲ့ဖူးသည်။

ထိုစဉ်က ဦးကံမြင့်၏ မေးခွန်းကို လာရောက်ဖြေကြားခဲ့သူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုဥက္ကဌ ဦးစိုးမင်းက ငွေစက္ကူအသစ် ရိုက်နှိပ်၊ ထုတ်ဝေမည်ဆိုပါက လှည့်လည်သုံးစွဲလျက်ရှိသော ငွေပမာဏနီးပါးကို အသစ်ရိုက်နှိပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး တည်ငြိမ်သည့်အခါ သင့်လျော်သောကာလတွင် ဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

အဓိပ္ပာယ်အားဖြင့် ဦးကံမြင့်၏ မေးခွန်းနှင့် ခပ်ဆင်ဆင်တူသော ဦးအောင်ခင်ဝင်း၏ အဆိုအား လွှတ်တော်တွင် တင်သွင်းခွင့်ပြုရသည့် အကြောင်းအရင်းကို ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ဦးဝင်းမြင့်က လွှတ်တော်အမတ်များကို ယနေ့ ရှင်းပြခဲ့သေးသည်။

“ဒီအဆိုနဲ့စပ်လျဉ်းပြီး ပြောမယ်ဆိုလို့ရှိရင် ခုန အဆိုရှင်ဆွေးနွေးသွားတဲ့အထဲမှာ ပါပါတယ်။ သရက်မဲဆန္ဒနယ်က ဦးကံမြင့်က မေးခွန်းမေးမြန်းခဲ့ဖူးတာ ရှိတယ်လို့ ပါသွားပါတယ်။ ကျွန်တော်တို့အနေနဲ့ မေးခွန်းမေးမြန်းခဲ့ဖူးတဲ့ကိစ္စကို မေးခွန်းဖြစ်နေတယ်။ အဆိုဟာ ဆွေးနွေးပြီးတဲ့ အဆိုတစ်ရပ်မဟုတ်လို့ လွှတ်တော်က ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ဆွေးနွေးပြီးတဲ့အဆိုတစ်ရပ် သဘောချင်းတူမယ်၊ သဘောသဘာဝချင်းတူမယ်ဆိုရင်တော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကို ကိုယ်စားလှယ်များ အားလုံးကိုလည်း သိစေချင်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ဦးအောင်ခင်ဝင်း၏ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် သဘောထားတောင်းခံရာတွင် ကန့်ကွက်မည့်သူ မရှိသည့်အတွက် ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များအနေဖြင့် လာမည့် အောက်တိုဘာ ၃၀ရက်တွင် နောက်ဆုံးထားပြီး အမည်စာရင်းပေးကြရန်လည်း ဦးဝင်းမြင့်က ကြေငြာထားသည်။

ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေပါက “တိုင်းပြည်အတွက် ဂုဏ်သိက္ခာသိပ်တက်တာပေါ့ဗျာ။ နိုင်ငံတကာသွားနေတဲ့သူတွေ ပြန်လာလို့ ကျွန်တော်မေးရင် မင်းတို့ဆီက ပိုက်ဆံတွေက နိုင်ငံ့ခေါင်းဆောင်ပုံတွေ မဟုတ်ဘဲ တိရိစ္ဆာန်ပုံတွေဘာညာ ဒါအပြောခံနေရတာပဲ။ ဂုဏ်သိက္ခာ သိပ်ကျတာပေါ့။ အဲ့ဒါကို မြှင့်တင်ချင်လို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တင်လိုက်တာပါ” ဟု အဆိုရှင် ဦးအောင်ခင်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၆၅တွင် “ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါးများ၏ တန်ဖိုး၊ အဆင်အပြင် ဖွဲ့စည်းပါဝင်သည့် ဝတ္တုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်” ဟု ပြဌာန်းထားသည်။

ပုဒ်မ ၆၆တွင်လည်း “ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်” ဟု ပြဌာန်းထားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁၉၅၂ခုနှစ်တွင် ဒေါင်းပုံ၊ ခြင်္သေ့ပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ တစ်ရာတန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ ၁၀၀တန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ၁၉၆၅ခုနှစ်တွင်လည်း တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန် ငွေစက္ကူများမှ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံစံသစ် ငွေစက္ကူများ ထုတ်ဝေခဲ့ပါသည်။

ထို့ပြင် ၁၉၉၄ခုနှစ်တွင်၂၀တန်၊ ၅၀တန်၊ ၁၀၀တန် ငွေစက္ကူများကို ခြင်္သေ့ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေခဲ့သလို ၁၉၉၈ခုနှစ်တွင်မူ ကေသရာဇာခြင်္သေ့ပုံဖြင့် ၁၀၀၀တန် ငွေစက္ကူ ထုတ်ဝေခဲ့သည်။

၂၀၀၉ခုနှစ်တွင်၊ ငါးထောင်တန်၊ ၂၀၁၂ခုနှစ်တွင် တစ်သောင်းတန် ငွေစက္ကူများ အသီးသီး ထုတ်ဝေခဲ့ပြီး အဆိုပါ ငွေစက္ကူများကို ၂၀၁၅ခုနှစ်တွင် လုံခြုံရေးအဆင့်အတန်းမြှင့်ပြီး ထပ်မံ ထုတ်ဝေခဲ့သည်။

ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အတွင်း အမျိုးသားဒီမိုကရေစီပါတီသစ်က အကြိမ်ကြိမ် ကြိုပမ်းခဲ့သော်လည်း အထမမြောက်ခဲ့ပေ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required