NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင် အချက် ၂၁ ချက်ဆွေးနွေး

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင် အချက် ၂၁ ချက်ဆွေးနွေး

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။           ။ အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့များပါဝင်သည့် NCA  အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းအစည်း အဝေးတွင် စုစုပေါင်း အချက် ၂၁ ချက်ဆွေးနွေးနိုင်ခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ NCA  အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင် ရာ အလုပ်အဖွဲ့ခေါင်းဆောင် ရဲဘော်သံခဲ ကပြောသည်။

နိုင်ငံတော်အစိုးရနှင့် NCA –S EAO( အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တို့၏ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို အောက်တိုဘာ ၂၅ မှ ၂၆ အထိ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးအပြီးတွင် ရဲဘော်သံခဲက ယင်းသို့ပြောသွားခဲ့ခြင်းဖြစ်သည်။

“ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ပူးတွဲညှိနှိုင်းဆွေးနွေးပွဲဖြစ်ပါတယ်။ အခန်းအလိုက်ကျွန်တော်တို့ဘက်က ပြင်ဆင်ပြီးဆွေးနွေးတယ်။ ပြန်ပြီးချုပ်ကြည့် လိုက်ရင် ၂၁ ချက်ရှိတယ် “ ဟု ၎င်းကဆိုသည်။

အဆိုပါ ၂၁ ချက်ထဲတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိစ္စများ၊ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးနှင့်ပက်သက်သည့် ကိစ္စများအပြင် တပ်နေရာချထားရေးကဲ့သို့သောကိစ္စရပ်များပါဝင်သည်ဟု ရဲဘော်သံခဲကပြောသည်။

သို့သော် NCA  အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်ခဲ့သည့် ၂၁ ချက်နှင့်ပက်သက်ပြီး အစိုးရဘက်နှင့် တိုင်းရင်းသားလက်နက်ကိုင် EAO များဘက်မှ တိတိကျကျပြောဆိုခဲ့ခြင်းမရှိပေ။

အစည်းအဝေးတွင် ပြေလည်ခဲ့သည့်အချက်များရှိကဲ့သလို မကြေလည်သေးသည့်အချက်များကိုလည်း သက်ဆိုင်ရာမိမိ အဖွဲ့အစည်းများထံသို့တင်ပြ သွားမည်ဖြစ်ကြောင်းသိရသည်။

“၂၁ ချက်မှာ သဘောထားတွေတော်တော်ဖလှယ်နိုင်ခဲ့တယ်ပေါ့နော်။ သဘောထားကလည်း နှစ်ဖက်သဘောတူညီတာတွေရှိပါတယ်။ အဲ့တော့ ဒါတွေကို နောက် လာမယ့် UPDJC ( ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ) အစည်းအဝေး၊ JMC (ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာပူး တွဲစောင့် ကြည့်ရေးကော်မတီ) အစည်းအဝေးတွေမှာ ဒီဆွေးနွေးချက်တွေကို ပြန်ပြီးတော့ အကောင်အထည်ဖော်ဖို့တွေရှိ ပါတယ်။ ဒါတွေကိုတော့ နှစ်ဖက်အကြီးအကဲတွေဆီတင်ပြမယ်။ ပြီးရင် နောက်လာမယ့် JICM ( NCA အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး  ) အစည်းဝေးတွေမှာ ဒါတွေကိုအတည်ပြုပြီးရင်တော့ နှစ်ဖက်လုံးမှာ UPDJCမှာရော JMC မှာရောဆက်လက်လိုက်နာဆောင်ရွက်သွားဖို့ဖြစ်ပါတယ် “ ဟု အစိုးရဘက်မှ ကိုယ်စားလှယ်အဖြစ် တတ်ရောက်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကဆိုသည်။

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို အပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အစိုးရ နှင့် တပ်မတော်ဘက်မှ ကိုယ်စားလှယ်များတတ်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags