Miss International 2017 ပြိုင်ပွဲ Activity များ လုပ်ဆောင်နေသည့် အလှမယ် စဝ်ယွန်းဝတီဦး

Miss International 2017 ပြိုင်ပွဲ Activity များ လုပ်ဆောင်နေသည့် အလှမယ် စဝ်ယွန်းဝတီဦး

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ။          ။ Miss International 2017 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် စဝ်ယွန်းဝတီဦး သည် လက်ရှိတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး ပြိုင်ပွဲနှင့် ပတ်သက်သည့် Activity များကို လုပ်ဆောင်လျက် ရှိသည်။

Miss International 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ခရီးသွား အဖွဲ့ချုပ်မှ ၂၀၁၂ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များကို ရွေးချယ် စေလွှတ်ခဲ့ခြင်း ဖြစ်ကာ ယခုအခါတွင် မြန်မာနိုင်ငံ အနေဖြင့် ၆ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ရွေးချယ်သည့် Miss International Myanmar 2017 ပြိုင်ပွဲကို သြဂုတ်လတွင် ကျင်းပပြုလုပ်ခဲ့ပြီး Miss International Myanmar 2017 အဖြစ် အလှမယ် စဝ်ယွန်းဝတီဦး ရွေးချယ်ခြင်း ခံခဲ့ရသည်။

အလှမယ် စဝ်ယွန်းဝတီဦး သည် ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်ကာ ပြိုင်ပွဲနှင့်ပတ်သက်ပြီး အဝတ်အစားပိုင်း ၊ Talent နှင့် Swim Suit ပိုင်းတွေအစ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး မြန်မာနိုင်ငံ နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဝေမျှသွားမည် ဖြစ်သည်။

Miss International 2017 ပြိုင်ပွဲ သည် ကမ္ဘာ့နိုင်ငံတွင် တတိယအဆင့် ရှိသည့် အလှမယ် ပြိုင်ပွဲ တစ်ခုဖြစ် ကာ နိုင်ငံပေါင်း ၇၀ကျော်မှ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် အလှမယ် ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပြီး မြန်မာနိုင်ငံ မှလည်း ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည့် ပြိုင်ပွဲ တစ်ခုဖြစ်သည်။

57th Miss International 2017 Grand Final ပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိမြို့ရှိ Dome City Hall ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ယခုနှစ်တွင် ၅၇ကြိမ်မြောက် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲလည်း ဖြစ်သည်။

Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကာ အလှမယ် နန်းခင်ဇေယျာ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေးကျော် ၊ ၂၀၁၄ ခုနှစ်တွင် ခင်ဝေဖြိုးဟန် ၊ ၂၀၁၅ ခုနှစ်တွင် အလှမယ် အမရာငြိမ်း ၊ ၂၀၁၆ ခုနှစ်တွင် အလှမယ် အင်ကြင်းထူး တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly