မူးသီချင်းကို အီလက်ထရိုဗားရှင်းနှင့် နားဆင်ရမည့် နီနီခင်ဇော်၏ တတိယအယ်လ်ဘမ် “ယူ”

မူးသီချင်းကို အီလက်ထရိုဗားရှင်းနှင့် နားဆင်ရမည့် နီနီခင်ဇော်၏ တတိယအယ်လ်ဘမ် “ယူ”

အောက်တိုဘာ ၂၆ ။          ။ တေးသံရှင် နီနီခင်ဇော်၏ တတိယမြောက်အယ်လ်ဘမ်ဖြစ်သည့် “ယူ”အယ်လ်ဘမ်သည် လာမည့် တနင်္ဂနွေနေ့တွင် ထွက်ရှိတော့မည်ဖြစ်ပြီး ပရိသတ်များကြားရေပန်းစားခဲ့သလို ဝေဖန်မှုများခဲ့သည့် မူးသီချင်းကိုလည်း EDM ဗားရှင်း ဖြင့် နားဆင်ရမည်ဖြစ်သည်။

“နီနီ့ရဲ့ ယူအယ်လ်ဘမ်ကတော့ ပရိသတ်တွေအတွက် တတိယမြောက်တင်ဆက်လိုက်တဲ့ နီနီ့ရဲ့ တတိယ မြောက် ရင်ခုန်သံဖြစ်ပါတယ်။ ဒီအခွေထဲမှာ သီချင်း ၁၂ ပုဒ် ပါပါတယ်ရှင်။ အွန်လိုင်းကနေ ပရိသတ်ဆီ ပေးခဲ့တဲ့ မူးဆိုတဲ့သီချင်းလေးကလည်း ဒီထဲမှာ EDM ဗားရှင်းနဲ့ ပြန်ပြီးတော့ပါမှာဖြစ်ပါတယ်။ Electro ဗားရှင်းနဲ့ပြန်ပါမှာပါ။ ဒီအခွေထဲမှာ နီနီ့ရဲ့ထူးခြားမှုတွေ ပြောင်းလဲမှုတွေအများကြီးကို ပရိသတ်အနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အရမ်းလည်း ရင်ခုန်နေပါတယ်။ နီနီကိုယ်တိုင်ရေးထားတဲ့ သီချင်းကပဲ ၅ ပုဒ် လောက် ပါတယ်။ နီနီရဲ့ဆရာသမားတွေကလည်းနီနီ့ကို သီချင်းအမိုက်စားတွေဖန်တီးပေးထားတယ်” လို့ တေးသံရှင် နီနီခင်ဇော်က ပြောသည်။

တေးသီချင်းများကို ရွှေဂျော်ဂျော်၊ ဝေလ၊ ကိုထက်၊ ဆလိုင်း၊ ဝေကြီး၊ G Fatt၊ S4 နှင့် နီနီခင်ဇော်တို့က ရေးသားထားခြင်းဖြစ်သည်။

ယခု “ ယူ” အခွေထဲတွင် တေးသံရှင် G Fatt နှင့်အတူ Red Generation ၏ ပထမဆုံး Member တစ်ဦး ဖြစ်သည့် အန်နီလည်း ပါဝင်အားဖြည့်ထားသည်။

“ ဒီထဲမှာ အစ်မနဲ့အတူတူပါဝင်သီဆိုထားတဲ့ သီချင်းလေးနာမည်ကတော့ Beautiful Girl လို့ခေါ်ပါတယ်။ သီချင်းလေးက အခုခေတ် ဖက်တီးမလေးတွေ အကိတ်လေးတွေကို အားပေးထားတဲ့သီချင်းပါ။ သီချင်းလေးက အရမ်းချစ်ဖို့ ကောင်းတယ်။ အကုန်လုံးနှစ်သက်သဘောကျမယ်လို့ မျှော်လင့်ပါတယ်” ဟု တေးသံရှင်သစ် အန်နီက မဇ္ဈိမသို့ ပြောသည်။

လာမည့် တနင်္ဂနွေနေ့ အောက်တိုဘာလ ၂၉ ရက်တွင် နီနီခင်ဇော်နှင့် သူငယ်ချင်းများက  “ယူ” အယ်လ်ဘမ်၏ Launching Party ကို ရန်ကုန်မြို့ လှည်းတန်းစင်တာတွင် ညနေ ၃ နာရီမှစပြီး ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly