ဗြိတိန်သံအရာရှိဟောင်းတစ်ဦး၏ ရခိုင်အကြပ်အတည်းနှင့် မြန်မာ့စီးပွားရေးအပေါ် ဆွေးနွေးချက်

ဗြိတိန်သံအရာရှိဟောင်းတစ်ဦး၏ ရခိုင်အကြပ်အတည်းနှင့် မြန်မာ့စီးပွားရေးအပေါ် ဆွေးနွေးချက်

 

ဗစ်ကီ ဘိုးမန်းဟာ တာဝန်သိ စီးပွားရေးလုပ်ငန်းများ အထောက်အကူပြုရေး မြန်မာဌာန-MCRB ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး သူမဟာ ဒီမတိုင်ခင်တုန်းက မြန်မာပြည်ဆိုင်ရာ ဗြိတိန်သံအမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူမကို လက်တလော ရခိုင်အကြပ်အတည်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အပေါ်မှာ သက်ရောက်စေနိုင်မလဲဆိုတဲ့မေးခွန်းတစ်ချို့ကို မဇ္ဈိမက အောက်တိုဘာလအတွင်း မေးမြန်းထားပါတယ်။ မဇ္ဈိမရဲ့ စီးပွားရေးသတင်း ထုတ်လုပ်သူနဲ့ အကြီးတန်းစီးပွားရေး သတင်းထောက်ဖြစ်သူ ကိုအောင်သူရက တွေ့ဆုံ မေးမြန်းထားတာပါ။

မဇ္ဈိမ။   ။ ခင်ဗျားက မြန်မာ့အကူးအပြောင်းရဲ့ မျက်မြင်သက်သေတစ်ဦးလည်းဖြစ်တယ်၊ ပြီးတော့ တိုင်းပြည်ရဲ့ သံတမန်တစ်ဦးလည်း ဖြစ်ခဲ့တယ်။ အခု ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သတ်ပြီး ခင်ဗျားအနေနဲ့ စိုးရိမ်ပူပန်တာတွေရှိလား

ဗစ်ကီ။   ။ လက်တလောအခြေအနေနဲ့ နေအိမ်တွေကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ကို သွားတဲ့ ပြည်သူ သန်းတစ်ဝက်အတွက် စိုးရိမ်ပူပန်ပါတယ်။ ဒါ့အပြင် ဒီတိုင်းပြည်ရဲ့ အကူးအပြောင်းအခြေအနေအပေါ်မှာလည်း စိုးရိမ်မှုရှိပါတယ်။ အစိုးရကိုယ်တိုင်ကိုယ်က ငြိမ်းချမ်းရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေမှာ ဖိအားပြသနာ အများစုကို ရင်ဆိုင်ဖို့ အရည်အချင်းက အရမ်းကို အကန့်အသတ်လောက်ပဲ ရှိနေပါတယ်။ အဲဒိထဲမှာမှ ရခိုင်ပြည်နယ်က ပြသနာကို အစိုးရက တကယ့်ကို အာရုံစိုက်သွားရမှာဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်မှာ ရေရှည်ဖွံ့ဖြိုးမှုတွေကို မြင်တွေ့ချင်တဲ့ ပြည်သူတွေအတွက် ပူပန်မှုလည်းဖြစ်ပါတယ်။

မဇ္ဈိမ။   ။ ဒါဆိုရင် ရခိုင်အခြေအနေကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုအနေအထားကို စိုးရိမ်စရာဖြစ်လာမလား

ဗစ်ကီ။   ။ ကျွန်မကတော့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ သက်ရောက်မှုတစ်ခု ရှိလာမယ်လို့ ထင်တယ်။ ဒီသက်ရောက်မှုမှာဆိုရင် ရုတ်တရက် ချက်ချင်းဖြစ်လာမယ့် ပုံစံမျိုးက မြန်မာနိုင်ငံကနေ အထည်ချုပ်လုပ်ငန်းမှာ လူတွေ လာပြီး အရင်းအမြစ်အဖြစ် လုပ်ကိုင်ချင်မှာလား၊ မလုပ်ကိုင်ချင်ဘူးလားဆိုတာတွေ ပြီးတော့ ခရီးသွားလုပ်ငန်းလုပ်ငန်းလို အချိန်တိုအတွင်း ဆုံးဖြတ်ချက်ချရမယ့် ကိစ္စမျိုးမှာတွေ မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး လုပ်ကိုင်နေတဲ့ တည်ရှိပြီးသား ရေနံနဲ့ ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွေမှာတော့ သက်ရောက်မှု ရှိလာမယ်လို့ ကျွန်မ မထင်ဘူး။

လွန်ခဲ့တဲ့ အချိန် ၂ နှစ် ၃ နှစ်က ဒီကအထည်ချုပ်လုပ်ငန်းက လူကြိုက်များခဲ့တဲ့ ကာလ ဖြစ်ပေမယ့် မြန်မာ့အထည်ချုပ်လုပ်ငန်းအတွင်း အရင်းအမြစ်ကို ကြည့်ရှုနေတဲ့လူတစ်ချို့က လက်ရှိအချိန်ဟာ သိပ်ကို ထိလွယ်ရှလွယ်တာကြောင့် သူတို့ရဲ့ ဆိုင်တွေအတွက် မြန်မာအထည်ချုပ်ကဏ္ဍကနေ အရင်းအမြစ်အဖြစ် မလုပ်ချင်ဘူးလို့ ကျွန်မကို ပြောလာကြတာတွေတောင် ရှိပါတယ်။ ဒါဟာ တိုင်းပြည်အတွက် ပြသနာအစစ်ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်မတို့ ကံကောင်းတာက ARSA အဖွဲ့က မတိုက်ခိုက်ခင်မှာ ကိုဖီ်အာနန် အစီရင်ခံစာကို ကျွန်မတို့က ရထားခဲ့တယ်။ ဒီအစီရင်ခံစာ လူမျိုးစုအပေါ်မှာချည်းပဲ မေးခွန်းထုတ်ထားတာပဲမဟုတ်ဘဲ စီးပွားရေးဖွံ့ဖြိုးမှုအတွက်ပါ အာရုံစိုက်ထားတာကြောင့်ပါ။ အစိုးရက ဒီအစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ အရေးကြီးသလို မြန်မာကုမ္ပဏီတွေ၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖွံ့ဖြိုးမှု မိတ်ဘက်တွေကနေ အစိုးရက ဒီအစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ အားပေးထောက်ခံဖို့ အရေးကြီးပါတယ်။ ဒီအစီရင်ခံစာကို ထောက်ခံမှုတွေဟာ အရမ်းကို ခက်ခဲတယ်ဆိုတဲ့ အခြေအနေတွေအတွက် ရှေ့ကို သွားမယ့် သိပ်ကို ကောင်းမွန်တဲ့ နည်းလမ်းဖြစ်မှာပါ။

မဇ္ဈိမ။   ။ ဖွံံ့ဖြိုးမှုမိတ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ဆက်လက်တိုးတက်ဖို့ မျှော်မှန်းထားပြီး ဒါပေမယ့် ရခိုင်ပြည်နယ်က အခြေအနေကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ်မှာတော့ စိုးရိမ် တယ်လို့ ပြောပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုကို ဆိုးတဲ့ သက်ရောက်မှုလို့ မြင်လား

ဗစ်ကီ။   ။ ရခိုင်မှာ ဖြစ်ပျက်နေခဲ့တာတွေက နိုင်ငံသားရင်းနှီးမြှုပ်နံှမှုတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို သက်ရောက်မှုရှိစေတယ်လို့ ကျွန်မထင်တယ်။ သူက ပထမ ဘာကို လုပ်လဲဆိုတော့ စီးပွားရေးလုပ်ငန်းအားလုံးမှာ ထင်ရှားတဲ့ သက်ရောက်မှုရှိပြီး ဆက်လက်လုပ်ကိုင်ရမယ့် အစိုးရရဲ့ အရေးပါတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ရှုပ်ထွေးစေမှာဖြစ်ပါတယ်။ ရုပ်မြင်သံကြားဖန်သားပြင်မှာ ပြသတဲ့ ပုံရိပ်တွေဆိုတာကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ သူတို့ရဲ့ ဖောက်သည်တွေကို ရောင်ပြန်ဟပ်စေမယ်ဆိုတာ သေချာနေပြီးတော့ ကမ္ဘာလှည့်ခရီးသည်တွေဆိုရင်လည်း ပုံရိပ်တွေရဲ့ ရောင်ပြန်ဟပ်မှုကြောင့်  ဒီကို လာဖို့ စဉ်းစားသွားကောင်း စဉ်းစားမိလိမ့်မယ်။ ကုမ္ပဏီတွေကလည်း ကျွန်မတို့ ဌာနကို စုံစမ်းမေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီးတော့ သူတို့က အကယ်၍ ဒီမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေမယ်ဆို သူတို့ ဘာလုပ် နေသင့်သလဲဆိုတာမျိုးကို မေးမြန်းကြပါတယ်။

အဲဒိအခါ ရှင်တို့ကုမ္ပဏီရဲ့ လှုပ်ရှားမှုတွေဟာ ရခိုင်ပြည်နယ်က အခြေအနေအပေါ်မှာ တစ်နည်းနည်းနဲ့ သက်ရောက်မှု ရှိကောင်းတော့ ရှိနိုင်မယ်၊ ဒါပေမယ့် ရှင်တို့ရဲ့ ကိုယ်ပိုင် လူ့အခွင့်အရေးကိုပဲ အထူးဂရု စိုက် လုပ်ပါဆိုပြီး ကျွန်မတို့က သူတို့ကို ပြောပါတယ်။ ဒါပေမယ့်လည်းလေ အများစုဖြစ်တာက ရခိုင်ပြည်နယ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အရမ်းကို နည်းပါးတာကြောင့် သက်ရောက်မှုကတော့ သိပ်ရှိလာမှာ မဟုတ်ပါဘူး။

ဒီနေရာမှာ ကုမ္ပဏီတွေ လုပ်နိုင်တာက သူတို့ ဝန်ထမ်းတွေကို တစ်ခြားဘာသာဝင်တွေကို ခွဲခြမ်းဆက်ဆံမှုတွေမလုပ်ဖို့ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ မူဝါဒတွေ ရှိလား၊ ပြီးတော့ ကုမ္ပဏီရဲ့ တန်ဘိုးကို ဆန့်ကျင်ပြီး သက်ရောက်မှုတွေဖြစ်စေမယ့် ကုမ္ပဏီရဲ့ မကောင်းတဲ့ ပုံရိပ်တွေကို Facebook ပေါ်မှာ တင်နေတာတွေရှိမယ်ဆိုရင် အဲဒိကုမ္ပဏီမှာ လူမှုကွန်ရက် မီဒီယာ ပေါ်လစီတွေ ရှိလားစတဲ့ မေးခွန်းတွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ကုမ္ပဏီအချိန်အတွင်း ဒါမှမဟုတ် ကုမ္ပဏီရဲ့ ဘယ်လို ဆက်သွယ်ချိတ်ဆက်မှုမျိုးနဲ့မဆိုနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ပိုင်အချိန်မျိုးမှာတောင်မှ အမုန်းစကားတွေကို တင်တာ၊ သတင်းအမှားတွေကို ပြန်တင်တာ မျိုးတွေကို မလုပ်ဖို့ သတိထားမိစေပြီး ကုမ္ပဏီအနေနဲ့လည်း အာမခံမှုတွေ ရှိစေမှာဖြစ်ပါတယ်။

မဇ္ဈိမ။   ။ ထပ်မေးရရင် ရခိုင်ပြည်နယ်အခြေအနေက မြန်မာ့စီးပွားရေးအပေါ်မှာရော သက်ရောက်မှု ဆိုးတွေ ဖြစ်လာမှာလား

ဗစ်ကီ။  ။ မြန်မာပြည်ကို လာမယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ သက်ရောက်မှု ဖြစ်လာမယ်လို့ မြင်တယ်။ ဒါပေမယ့် မြန်မာကို အထည်ချုပ်လုပ်ငန်းအရင်းအမြစ်အဖြစ် လုပ်ကိုင်မယ်ဆိုတဲ့ ရေတိုဆုံးဖြတ်မျိုးတွေ၊ ကမ္ဘာ့လှည့်ခရီးသည်တွေက မြန်မာပြည်ကို လာရောက်လည်ပတ်ဖို့ ဆုံးဖြတ်ချက်ချတဲ့ ကိစ္စမျိုးတွေမှာ ပိုကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာမယ်လို့ ထက်တယ်။ ကျွန်မရဲ့ အမြင်သပ်သပ်အရေတော့ ရခိုင်အခြေအနေကြောင့် စီးပွားရေးကြီးတစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုမျိုး တိုက်ရိုက်ကြီး ဖြစ်လာမှာ မဟုတ်သလို အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအပေါ် အာရုံစိုက်နိုင်စွမ်းရည်ကို နှောင့်ယှက်ဖို့ အလားအလာ သက်ရောက် အကြီးဆုံးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်ထဲမှာ GDP (အမျိုးသားအသားတင်ထုတ်လုပ်မှုတန်ဘိုး) တိုးတက်မှုကို ဖြစ်စေပြီး ရင်းနှီးမြှုပ်နှံမှုကို မြင့်တက်စေတဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ စွမ်းအင်ကဏ္ဍလို ကိစ္စရပ်တွေနဲပ အခြားအရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ရမှာဖြစ်တာကြောင့်ပါ။ ဒါကြောင့် အစိုးရက အရမ်းကို ရှုပ်ထွေးမခံဘဲ လက်ရှိ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအမံအတိုင်း ဆက်ပြီး အာရုံစိုက်လုပ်ကိုင်ဖို့က တကယ့်ကို အရေးကြီးပါတယ်။

မဇ္ဈိမ။    ။ မြန်မာအစိုးရကို ဘာများ အကြံပေးချင်ပါသလဲ

ဗစ်ကီ။  ။ အစိုးရက သူ့ရဲ့ စီးပွားရေးုပြုပြင်ပြောင်းလဲမှု အမြင်ကို အဆုံးရှုံးမခံဖို့က အရေးကြီးတယ်လို့ ကျွန်မ ထင်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဟန့်တားစေမှာလား ဒါမှမဟုတ် ဆွဲဆောင်မှာလားဆိုတာက အဆုံးသတ်မှာ အမှန်တကယ်ကို အရေးကြီးဆုံးဖြစ်လာမှာကြောင့်ပါ။ သေချာတာက ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဖြစ်ပျက်နေတာက အချက်တစ်ခုပါ။ နောက်ဆုံးတော့ ကုမ္ပဏီတွေ ( အာရှက ကုမ္ပဏီတွေ အပါအဝင်) ကို ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ရပ်ဝန်းတစ်ခု အဖြစ် သူတို့ကို ဘယ်လို ဆွဲဆောင်မှာလဲဆိုတာကလည်း အရေးကြီးပါတယ်။ အဲဒါကြောင့် အစိုးရက ရခိုင်ပြည်နယ်အခြေအနေနဲ့ ရခိုင်ပြည်နယ်အစီရင်ခံစာ နှစ်ခုစလုံး အကောင်အထည်ဖော်ဆောင် ရွက်မှုကို ဖြေရှင်းဖို့ အရေးကြီးသလို ကောင်းမွန်ရင်းနှီးမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုရပ်ဝန်းတစ်ခုကို ဖန်တီးနိုင်မယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ကိုင်ဖို့ကလည်း အရေးပါလာနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required