အကြမ်းဖက်သမားများကို လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်ကို မြန်မာတောင်းဆို

အကြမ်းဖက်သမားများကို လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်ကို မြန်မာတောင်းဆို
ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ
 

 

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ။                  ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေသူများအား စုံစမ်းဖော်ထုတ်ပြီး လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးအား မြန်မာအစိုးရက တောင်းဆိုခဲ့သည်။

ယမန့်နေ့ အောက်တိုဘာ ၂၄ ရက်နေ့က နေပြည်တော်၌  ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးများ တာဝန်ရှိသူများ အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် "၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တော ဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အား မြန်မာနိုင်ငံအစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ အားပေးကူညီသူများအား အရေးယူဆောင်ရွက်မှုနှင့် ထွက်ပြေး တိမ်းရှောင်နေသူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ပါသည်" ဟု ပါရှိသည်။
 
ယင်းတွေ့ဆုံပွဲ၌ ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်းတို့နိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများ ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမှ လက်ခံခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ် နယ်မြေပေါ်တွင် အခြေချအသုံးပြုခွင့် ပေးထားခြင်းမရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ယင်းအချက်များအတိုင်း အခိုင်အမာ ရပ်တည်နေပြီး  ဖြစ်ပွားခဲ့သည့် ပြဿနာများကို ဆက်လက်စုံစမ်းကာ ရရှိလာမည့် သတင်းအချက်အလက်များကို အကြောင်းပြန်ကြားသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည်ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအစည်းအဝေး၌  နှစ်နိုင်ငံနယ်စပ်ဒေသတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေး ၊အကြမ်းဖက်မှုတိုက်ဖျက်ရေး ၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု နှင့် လူဝင်/လူထွက် စိစစ်ခြင်း နှင့် နိုင်ငံသား စိစစ်လက်ခံမှုများ ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ရောက်ရှိနေသူများအား     နိုင်ငံသားစိစစ်မှုများပြုလုပ်ပြီး ပြန်လည်လက်ခံရေး စသည့် အချက်များကို  သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly