နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်ရှိ ဗိုလ်ချုပ်ရုပ်တုပြုပြင်ရန်လိုအပ်နေ

နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်ရှိ ဗိုလ်ချုပ်ရုပ်တုပြုပြင်ရန်လိုအပ်နေ

 

နတ်မောက် အောက်တိုဘာ ၂၅ ။              ။ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက်တွင် ထားရှိသည့် ဗိုလ်ချုပ်ပုံတူဆီလီကွန်ရုပ်တုမှာ ပြုပြင်ရန်လိုအပ် နေကြောင်း သိရသည်။

လက်ရှိအနေအထားတွင် ဗိုလ်ချုပ်ပုံတူ ဆီလီကွန် ရုပ်တုတွင် အဖြူနှင့်အမည်းကွက်များဖြစ်နေပြီး ရုပ်တုအား မထိမကိုင်ရန် သတိပေးထားသည်။

“ဗိုလ်ချုပ်ရဲ့ ပုံတူဆီလီကွန်ရုပ်တုဟာ ထားကာစ တုန်းကတော့ ဒီလိုမဟုတ်ဘူးလို့ ဒေသခံတွေ က ပြောတယ်၊ ကျွန်တော် အရင်တစ်ခေါက်ရောက် တုန်းက ဒီလိုဖြစ်တာ မမြင်ရဘူး၊ အခုက ဗိုလ်ချုပ် ရုပ်တု လက်တွေ ခြေတွေမှာ အဖြူကွက်တွေ၊ အမည်းကွက်တွေလိုလို ဖြစ်နေတာ အခုတစ်ခေါက် မြင်တွေ့ရတယ်" ဟု နတ်မောက်မြို့၊ဗိုလ်ချုပ်နေအိမ် ပြတိုက်အားသွားရောက်လေ့လာခဲ့သူ ဦးမျိုးလှိုင်ဝင်းက မဇ္ဈိမသို့ ပြောသည်။

အညာဒေသ၏ရာသီဥတုကြောင့် ဗိုလ်ချုပ်ရုပ်တု တွင် အညှိတက်သည့်သဘောမျိုးဖြစ်ကြောင်း ဗိုလ်ချုပ်ပြတိုက် တာဝန်ခံ ဒေါ်မေမြတ်သူ က ပြောသည်။

"ကျွန်မတို့အညာဒေသက ဖုန်ရှိတယ်၊ မိုးရွာတဲ့ အချိန်၊ အေးတဲ့အချိန်ကျတော့ အညှိတက်သလို မျိုးလေးတွေ နည်းနည်းတော့ဖြစ်နေတာပေါ့၊ ဒါကို သိရှိနားလည်သူတွေနဲ့တိုင်ပင်ပြီး ဆောင်ရွက်သွား မှာပါ" ဟု ဒေါ်မေမြတ်သူက ပြောသည်။

ဗိုလ်ချုပ်ပြတိုက်ကို ပွင့်လင်းရာသီဖြစ်သည့် ဘုရားဖူးရာသီ၊ ကျောင်းပိတ်ရာသီများတွင် ၁ ရက် လျှင် အနယ်နယ်အရပ်ရပ်မှ လူ ၂၀၀ ဝန်းကျင် လာရောက်လေ့လာလေ့ရှိသည်။ ပုံမှန်အချိန်တွင် လူ ၇၀ ဝန်းကျင် လာရောက်လေ့လာလေ့ ရှိကြောင်း သိရသည်။ ထို့ပြင် ဗိုလ်ချုပ်ပုံတူဆီလီကွန်ရုပ်တုကို နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ပေးနေပြီး ရုပ်တုအား မထိမကိုင်ရန် သတိပေးတားမြစ်သည့်စာလည်း ချိတ်ဆွဲထားသည်။

ဗိုလ်ချုပ်ပြတိုက်နှင့်ပတ်သက်ပြီး ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာနက လိုအပ်သလိုပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း နတ်မောက်မြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ပြော သည်။

"ဆီလီကွန်ရဲ့သဘောတရားက ဒီလိုပါပဲ၊ ပြတိုက်က ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနကို လွှဲပေးပြီးသားပါ၊ ယဉ် ကျေးမှုဝန်ကြီးဋ္ဌာနက လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်သွားမှာပါ" ဟု လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းရွှေက ပြောသည်။

အဆိုပါ ရုပ်တုကို ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်း အမှတ်အဖြစ် ပန်းရဲ့လမ်းတေးဂီတအဖွဲ့က လှည့် လည်ဖျော်ဖြေပွဲမှရရှိသည့်အလှူငွေ ကျပ်သိန်း ၃၀ ဖြင့် ရန်ကုန်မြို့မှပန်းချီဆရာ ဦးအောင်ကျော်ထွန်း က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly