သင့်တော်သည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သင့်တော်သည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ။               ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်နိုင်ငံသင့်တော်သည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လာရောက်မည်ဟု   ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူး သတင်းဌာနမှ  ရေးသားထားသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဘင်္ဂလားဒေ့ရှ်ကို လာရောက်လည်ပတ်ရန် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကိုယ်စား ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ၏ ဖိတ်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံစဉ်အတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဖြေရှင်းသွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာဘက်မှ   ရောက်ရှိနေသူများအား   ပြန်လည် စိစစ် လက်ခံရေးနှင့်ပတ်သက်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည် ဟု မြန်မာအစိုးရဘက်မှ သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာနိုင်ငံဘက်မှ ရောက်ရှိလာသူများအား ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အဆိုပြုထားသော အချက်ငါးချက်နှင့် ကိုဖီအာနန် အကြံပေးကော်မရှင်မှ  အကြံပြုချက်များအပေါ် အခြေခံကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဒါကာထရီဗျူးတွင် ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံမှုအပြင် ယမန်နေ့က ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံပြည်ထဲရေးဘက်မှ ကိုယ်စားလှယ်များ အကြား ဆွေးနွေးမှုတစ်ခုကိုလည်း   နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက် ၁၀ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required