အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါင်းပြီး NCA အား ပြန်သုံးသပ်နေ

အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါင်းပြီး NCA အား ပြန်သုံးသပ်နေ
ဓာတ်ပုံ-ရဲဘော်သံခဲ

 

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ။                 ။ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွ့ဲများ ပူးပေါင်းပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်အား ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးတွင် ပြုလုပ်နေသည်။

"NCA အကောင်အထည်ဖော်ခဲ့တာ နှစ်နှစ်ကျော်ပါပြီ။ NCA နဲ့ ပတ်သက်တဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ဘယ်လောက်ပြီးစီးတယ် ၊ ဘယ်လောက်ဆောင်ရွက်နိုင်တယ်၊ ဘာတွေ ဖြည့်စွက်ဖို့ လိုလဲဆိုတာတွေကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်" ဟု ပြည်ထောင်စု ရှေ့နေချုပ်ဦးထွန်းထွန်းဦးက ယင်းအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေး ရရှိရန် အတွက် တူညီသောနိုင်ငံရေးရည်ရွယ်ချက်များရှိရန် လိုအပ်နေပြီး ယင်းရည်ရွယ်ချက် များကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၊ အစိုးရ နှင့် တပ်မတော်မှ ခေါင်းဆောင်များ ပူးပေါင်းပြီး လုပ်ဆောင်သွားရမည်ဖြစ်သည်ဟု ABSDF မှ ရဲဘော်သံခဲက ဆိုသည်။

"NCA သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ လက်တွေ့ကြုံနေရတဲ့အခက်အခဲတွေကို စနစ်တကျဖြေရှင်းဖို့လိုပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့မှာ   နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မပြတ်သေးပါဘူး" ဟု ရဲဘော်သံခဲက ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှု ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်သွား မည်ဖြစ်ပြီး ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) တွင် တင်ပြသွားမည်ဟု သိရသည်။

အပစ်ရပ်စာချုပ်(NCA) ပါ အချက်များအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများ အားနည်းချက်များ ရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် NCA (၂) နှစ်ပြည့်အခမ်းအနား တွင် ပြောဆိုထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်လက်နက်ကိုင်အဖွဲ့(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့တို့မှ လက်မှတ်ရေးထိုးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly