ပန်းဦးပြဿနာနှင့်ပတ်သက်ပြီး ခွန်တန်(ခ) ဇာတ်လိုက်ကို အမှုဖွင့်ပြီ

ပန်းဦးပြဿနာနှင့်ပတ်သက်ပြီး ခွန်တန်(ခ) ဇာတ်လိုက်ကို အမှုဖွင့်ပြီ
ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူအား တွေ့ရစဉ်။ ဓာတ်ပုံ-ဖေ့ဘုတ်

 

ရန်ကုန်၊ အောက်တိုဘာလ ၂၅ ။               ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေတွင် ပန်းဦးလွှတ်သည်ဟု နာမည်ကြီးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး  ထွက်ပြေးတိမ်းရှောင်နေသော ခွန်တန်(ခ)ဇာတ်လိုက်ဆိုသူအား မိန်းကလေးငယ်နှစ်ဦးကို အလိုမတူ ခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း သထုံမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ဦးမောင်မောင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူက အလံတစ်ရာဆရာတော်ကြီး ဘဝကူးဝင်စားသူဟုဆိုကာ  ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ၂ဝ၁၆ ခုနှစ်အထိအထိ မိန်းကလေးငယ် ၆ ဦးကို လက်ထပ်ကာ ကွာရှင်းခြင်းမပြုဘဲ မိဘထံပြန်နေစေပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များထွက်ပေါ်နေသည်။

အဆိုပါ မိန်းလေးငယ် ၆ ဦးအနက်မှ ကာယကံရှင်မိန်းကလေးငယ်နှစ်ဦး၏ ဖခင်ဖြစ်သူက ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် သထုံမြို့နယ်ရဲစခန်းတွင် မိန်းကလေးငယ်များကို အလိုမတူခိုးယူ ပေါင်းသင်းမှုဖြင့် လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ မိန်းကလေးနှစ်ဦးရဲ့ဖခင်က သူ့သမီးကို အလိုမတူဘဲခိုးယူပေါင်းသင်းတယ်ဆိုပြီးတော့ မနေ့က အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ နစ်နာသူက တိုင်ကြားလာရင်တော့ အမှုကို လက်ခံရေးဖွင့်ရမယ်။ လက်ခံရေးဖွင့်ပြီးတော့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်။ လတ်တလောကတော့ ဇာတ်လိုက် ခေါ် ခွန်တန်က ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျွန်တော်တို့ အဲ့ဒါကို စုံးစမ်းဖမ်းဆီးရမယ်ပေါ့”ဟု ဒုရဲမှူး ဦးမောင်မောင်က ပြောသည်။

ဆက်လက်ပြီး ဦးမောင်မောင်က “ ဇာတ်လိုက်ခေါ် ခွန်တန်က အခုနောက်ပိုင်း တစ်နေရာတည်းမှာ အတည် တကျမနေဘူး။ ဟိုပုံးမှာ နေလိုက်၊ တစ်ဖက် နိုင်ငံမှာနေလိုက်နဲ့ သွားလာနေတယ်လို့ သိရတယ်။ ဒီအလံတစ်ရာ ကို မရောက်တာတော့ တော်တော်ကြာပြီဗျ။ ဒါပေမယ့် အခုတိုင်ကြားမှုရှိပြီဆိုတော့ သူ့ကို အမြန်ဆုံးဖမ်းဆီး ရမိအောင်စုံးစမ်းဆောင်ရွက်သွားမယ်။ ပြီးရင် တရားစွဲတင်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ခွန်တန်(ခ) ဇာတ်လိုက်ဆိုသူအား ကာယကံရှင်မိန်းကလေးနှစ်ဦး၏ ဖခင်ဖြစ်သူက လာရောက် အမှုဖွင့်တိုင်ကြားချက်အရ သထုံမြို့နယ်ရဲစခန်းတွင်ပြစ်မှုနံပတ် ၈၈၄/ ၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၆၃/၃၆၆/ ၁၁၄ အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ အလံတစ်ရာကျေးရွာမှ အမျိုးသမီးငယ်များကို ပန်းဦးလွှတ်သည့် ကိစ္စနှင့်ပတ်သက်၍လည်း မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌထံ တိုင်ကြားစာနှစ်စောင်ရောက်ရှိ ထားပြီး အဆိုပါ ကိစ္စအား လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ကြားနာမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required