နိုင်ငံမှာ မော်တော်ကားစီးရေ ထပ်တိုးမလာစေဖို့ စင်ကာပူ ကန့်သတ်ထိန်းချုပ်မည်

နိုင်ငံမှာ မော်တော်ကားစီးရေ ထပ်တိုးမလာစေဖို့ စင်ကာပူ ကန့်သတ်ထိန်းချုပ်မည်

 

အောက်တိုဘာ ၂၄ ။               ။ ကမ္ဘာပေါ်မှာ ကားတစ်စီး ဝယ်ဖို့အတွက် ဈေးအကြီးဆုံးနေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စင်ကာပူမှာတော့ လာမယ့်နှစ်ကစလို့ နိုင်ငံရဲ့လမ်းတွေမှာ ရှိနေမယ့် ကားအရေအတွက်ကို နောက်ထပ် ထပ်တိုးမလာစေဖို့အတွက် ထိန်းချုပ်ကန့်သတ်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံမှာ ခရီးသည်တင်ကားအားလုံးနဲ့ မော်တော်ဆိုင်ကယ်တွေ တိုးတက်မှုနှုန်းကို လက်ရှိ တစ်နှစ်ကို ၀ ဒသမ ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားရာကနေ လာမယ့်နှစ် ဖေဖော်ဝါရီလကစလို့ ၀ ရာခိုင်နှုန်းထိ လျှော့ချသွားတော့မှာဖြစ်တယ်ဆိုပြီး စင်ကာပူ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ LTA က ပြောပါတယ်။

စင်ကာပူက ဒရိုင်ဘာတွေအနေနဲ့ ကားတစ်စီးကို လမ်းပေါ်တက်မမောင်းခင် အစိုးရဆီကနေ အထူးခွင့်ပြုချက်အထောက်အထား certificate တစ်ခု ဝယ်ယူဖို့ လိုတယ်လို့ သိရပါတယ်။ ယင်းအတွက်လည်း စင်ကာပူဒေါ်လာ အများဆုံး ၅၀,၀၀၀ (ကန်ဒေါ်လာ ၃၇,၀၀၀) ထိ ကုန်ကျနိုင်ပါတယ်။ ယင်း အထောက်အထားလက်မှတ်တွေကတော့ ဆယ်နှစ်သက်တမ်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံမှာ ကားဝယ်ယူဖို့ စရိတ်ကြီးမြင့်နေလျက်ရှိပြီး SUV ကားသေးတစ်စီးတောင်မှ တန်ဖိုးငွေ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ ကျော်ထိ ကုန်ကျရနိုင်ပါတယ်။

၂၀၁၆ နှစ်ကုန်အထိတော့ ယင်းနိုင်ငံမှာ ကိုယ်ပိုင်ကားစီးရေ ၆၀၀,၀၀၀ ကျော်ထိ ရှိနေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အစိုးရအနေနဲ့ ယင်းရဲ့လမ်းတွေပေါ်မှာ ကိုယ်ပိုင်ကားစီးရေ တိုးတက်မှုနှုန်းကို တစ်နှစ်ကို ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာ ခွင့်ပြုပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ဖေဖော်ဝါရီလကစလို့ ယင်းတိုးတက်မှုပိုင်းမှာ ၀ ရာခိုင်နှုန်းဆိုပြီး သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် နိုင်ငံမှာ ကားဝယ်ယူစီးနင်းချင်သူတွေအနေနဲ့ ကားဝယ်ခွင့်ရဖို့ တစ်ခြားဒရိုင်ဘာတွေ သူတို့တွေရဲ့ certificates တွေ လက်လွှတ်မယ့်အချိန်ကို စောင့်နေရတော့မှာဖြစ်ပါတယ်။

နိုင်ငံမှာ မြေနေရာကျဉ်းမြောင်းမှု၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်မှု တို့ ကြောင့်လည်း ယခုလို နိုင်ငံမှာ ကားအရေအတွက် နောက်ထပ် များမလာစေရေး ထိန်းချုပ်ကန့်သတ်ဖို့ လုပ်ရတာဖြစ်ကြောင်း စင်ကာပူ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ LTA က ထုတ်ပြန်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags