ပဋိပက္ခဖြစ်ပွားရာဒေသများအပါအဝင် ရခိုင်ပြည်နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကျပ် ၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်

ပဋိပက္ခဖြစ်ပွားရာဒေသများအပါအဝင် ရခိုင်ပြည်နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကျပ် ၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်

ရန်ကုန်၊အောက်တိုဘာ ၂၄ ။           ။ ပဋိပက္ခများဖြစ်ပွားရာဒေသများ အပါအဝင် ရခိုင်ပြည်နယ်၏ လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် ကျပ် ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍  ရခိုင်ပြည်နယ်အခြေပြုလယ်ယာစီးပွားအများပိုင်ကုမ္ပဏီ (RAPC) ကို ဖွဲ့စည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်သည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကိုဖြေရှင်းနိုင်ရေးနှင့် ရခိုင်ပြည်နယ် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် အဆိုပါ RAPC ကုမ္ပဏီကို ထူထောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

“စီးပွားရေးအရ ဆောင်ရွက်နိုင်မှ ရေရှည်တည်တံ့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့က အများပိုင်ကုမ္ပဏီ တစ်ခုကို ဖွဲ့စည်းတည်ထောင်ဖို့ ဆွေးနွေးဆုံးဖြတ်ထားတယ်။ အဲ့ကုမ္ပဏီက ရခိုင်ပြည်နယ်မှာ လုပ်ငန်းစဉ်ခြောက်ရပ်ကို သုံးနှစ်အတွင်း ဆောင်ရွက်သွားဖို့ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပိုင်ရှင်မဲ့ လယ်ယာများ၊ ရိတ်သိမ်းသူမရှိသည့် လယ်ယာများတွင် စပါးများရိတ်သိမ်းပြီး အခြောက်ခံသိုလှောင်ရေး၊ လာမည့်ရာသီတွင် စပါးစိုက်ပျိုး နိုင်ရေးအတွက် မျိုးစပါးနှင့် ဓာတ်မြေသြဇာကူညီရေးတို့ကို ယင်းအများပိုင်ကုမ္ပဏီက ဦးစားပေး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ခေတ်မီစံပြစိုက်ကွင်းထူထောင်ခြင်း၊ ပေါင်းဆန်စက်များ၊ သိုလှောင်ရုံများနှင့် ထူထောင်ရေးတို့အတွက် အများပိုင်ကုမ္ပဏီတွင်ရန်ကုန်ရှိ ဆန်လုပ်ငန်းရှင်များကို ပါဝင်စေကာ သွားရောက်လုပ်ကိုင်ရန် စီစဉ်ထားကြောင်းလည်း ဦးရဲမင်းအောင်က ရှင်းပြသည်။

အဆိုပါ အများပိုင်ကုမ္ပဏီထူထောင်ရေးအတွက် ဖွံ့ဖြိုးရေးမိတ်ဘက်များနှင့် စီးပွားရေးမိတ်ဘက်များကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ပြည်နယ်အစိုးရ၊ UEHRD နှင့် UMFCCI တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly