မြိတ်ရှိ KBZ မီနီဘဏ်တွင် သေနတ်ဖြင့် ဓားပြတိုက်မှုဖြစ်ပွား

မြိတ်ရှိ KBZ မီနီဘဏ်တွင် သေနတ်ဖြင့် ဓားပြတိုက်မှုဖြစ်ပွား
ဓာတ်ပုံ-အင်တာနက်

တနသာၤရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ရှိ KBZ မီနီဘဏ်၌ ယနေ့အောက်တိုဘာလ ၂၄ ရက်၊ မွန်းလွဲပိုင်း တွင် သေနတ်ဖြင့် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားနေရာသို့ သွားရောက်ခဲ့သည့် မြိတ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

“ ကျွန်တော်တို့ ဖြစ်ပြီးမှ သတင်းကြားလို့ သွားခဲ့တာ။ အခြေအနေကတော့ ကျွန်တော်တို့သွားတော့ သိရတာ တော့ အနုကြမ်းစီးပြီးမှ ပြေးသွားတဲ့ပုံစံပဲ။ သေနတ်ပါတယ်ဆိုတော့ အားလုံးကတော့ စိုးရိမ်တာပေါ့နော်။ ပိုက်ဆံကတော့ သိန်း ၃ဝဝ ကျော်လောက်ပါသွားတယ်လို့ပြောတယ် ”ဟု ဦးမြတ်ကိုကိုက ပြောသည်။

လက်ရှိတွင် ထိုသို့ သေနတ်ဖြင့် ဓားပြတိုက်မှုကျူးလွန်ခဲ့သူအား ဖမ်းဆီးရမိရန်အတွက် ရဲတပ်ဖွဲ့မှ လိုက်လံ စုံစမ်းလျက်ရှိကြောင်း မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအေးမင်းက ပြောသည်။

ဘဏ်ရှိ ကောင်တာပေါ်တွင် တင်ထားသော ငွေထုတ်အား သေနတ်ပြလုယက်ခဲ့ခြင်းဖြစ်ကာ အဆိုပါလူသည် ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားကြောင်း သိရသည်။

အောက်တိုဘာလ၊ ၂၄ရက်နေ့ မွန်းလွှဲ ၂နာရီခန့်တွင် မြိတ်မြို့ ကမ္ဘောဇဘဏ် မီနီဘဏ်(၁)တွင် Customer တစ်ဦးမှ ငွေသွင်းမှုပြုလုပ်နေစဉ် ယူဆောင်လာသော ငွေကျပ် သိန်း (၂၇၀) အား လူငယ်တစ်ဦးမှ ဘဏ်အတွင်း ဝင်ရောက်လာပြီး သေနတ်ပြ ခြိမ်းခြောက်၍ လုယူပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း  ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင်  ကမ္ဘောဇဘဏ်မှ မြိတ်မြို့၊ မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားပြီး CCTV မှတ်တမ်းများလည်း ပေးအပ်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required