ပွဲဦးထွက်ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ်ဖြစ်လာသည့် Pink ၏ Beautiful Trauma

ပွဲဦးထွက်ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ်ဖြစ်လာသည့် Pink ၏ Beautiful Trauma

 

နာမည်ကျော်ပေါ့ပ်အဆိုတော် Pink ၏ သီချင်းအယ်လ်ဘမ်အသစ်ဖြစ်သော Beautiful Trauma သည် ၂၀၁၇ ခုနှစ်၏ ပွဲဦးထွက်ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ်များထဲမှ တစ်ချပ်ဖြစ်လာခဲ့ပြီး အမေရိကန် Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယားတွင် ရက်ပ်အဆိုတော် Gucci Mane နှင့် အဆိုတော် Beck တို့၏ အယ်လ်ဘမ်အသစ်များကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။

Pink ၏ ခုနှစ်ချပ်မြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်သော Beautiful Trauma သည် ပထမအပတ်အတွင်း အချပ်ရေ ၄၀၈၀၀၀ ခန့် ရောင်းချနိုင်ခဲ့ကြောင်း Nielsen SoundScan ၏ တိုင်းတာမှုအရ သိရသည်။ ထို့ကြောင့် ယင်းအယ်လ်ဘမ်သည် Pink ကို ယခုနှစ်အတွင်း ပထမအပတ်၌ ရောင်းအားအကောင်းဆုံး အမျိုးသမီးအဆိုရှင် တစ်ဦးဖြစ်စေခဲ့ယုံသာမက ပွဲဦးထွက်ရောင်းအားအကောင်းဆုံး အဆိုရှင်စာရင်း၌ ကန်ဒရစ်လာမား၏ Damn ၊ ဒရိတ်၏ More Life နှင့် အက်ဒ်ရှီရန်း၏ Divide အယ်လ်ဘမ်တို့နောက်၌ နံပါတ်လေးနေရာမှ ရပ်တည်လျက်ရှိ သည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။

ယခုအပတ်၏ Billboard ဇယား၌ ဒုတိယနေရာမှ ရပ်တည်နေသော Gucci Mane ၏ အယ်လ်ဘမ်အသစ် Mr. Davis သည် အချပ်ရေ ၇၀၀၀၀ ခန့်ရောင်းချခဲ့ရပြီး အဆိုတော် Beck ၏ Colors  သည် အချပ်ရေ ၄၆၀၀၀ ခန့် ရောင်းချခဲ့ရကာ ဇယား၏တတိယနေရာတွင် ရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required